မြစ်ကြီးနား ဧပြီ ၁၃
၂၀၂၆ ခုနှစ်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၁၈)နှစ်အောက် ကလပ်အသင်း ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ မတ် ၂၅ ရက်က စတင်ကျင်းပရာ ဧပြီ ၁၂ ရက် ညနေ ၃ နာရီ တွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာဘောလုံးကွင်းအတွင်း၌ ကျင်းပသည်။
ဗိုလ်လုပွဲသို့ ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး ဗိုလ်လုပွဲစဉ်အဖြစ် နောင်နန်းအသင်းနှင့် လဝမ် FC အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ် ဘောလုံးဆပ်ကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာများမှ ဘောလုံးအားကစားဝါသနာရှင်များနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြရာ နောင်နန်းအသင်းက ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရဗိုလ်စွဲ သည်။
ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ တိုင်းရင်းသားလူမျိုးရေး ရာဝန်ကြီးများက ဘောလုံးပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသော ဒိုင် အဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ဘောလုံးဆပ်ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများအား ဂုဏ်ပြုဆုများ ကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးက နေရာအလိုက် အကောင်းဆုံး ကစားသမားဆုများနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုများကို လည်းကောင်း၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေ၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်တို့က ပူးတွဲတတိယဆုရအသင်း (၂)သင်းများအား လည်းကောင်း၊ပြည်နယ်လူမှုရေးရာဝန်ကြီးဦးကျော်မင်းခိုင်က ဒုတိယဆုရအသင်းအားလည်းကောင်း၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်က ပထမဆုရအသင်းအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်များကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ပထမ တံခွန်စိုက်ဆုဖလားနှင့် ချီးမြှင့်ငွေများကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်