သထုံမြို့၌ နှစ်သစ်ကူးအကြို ရိုးရာသင်္ကြန်ထမင်းစတုဒီသာ စုပေါင်းကျွေးမွေးလှူဒါန်း

သထုံ   ဧပြီ   ၁၃

မွန်ပြည်နယ်၊ သထုံမြို့ ရွှေစာရံစေတီတော်မြတ်ကြီးဓာတ်တော်ဆေးကန်တော်မင်္ဂလာ ပြုပြင်တည်ဆောက်ရေးကော်မတီနှင့် အလှူရှင်များပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီး မြောက်ဘက်မုခ်အနီးရှိ ဘုရားလမ်းမပေါ်၌ မြန်မာ့ရိုးရာအတာသင်္ကြန် နှစ်သစ်ကူးအကြိုအဖြစ် ရိုးရာသင်္ကြန်ထမင်း စတုဒိသာ ကျွေးမွေးလှူဒါန်းခဲ့ကြသည်။

"သင်္ကြန်အကြိုနေ့ကစပြီး အတက်နေ့အထိနေ့စဉ် ရိုးရာအစားအစာတွေကို စတုဒီသာကျွေးမွေးလှူဒါန်းမှာပါ။ ဒီနေ့ကတော့ သင်္ကြန်ထမင်းပေါ့။ နောက်ရက်တွေမှာ ရိုးရာအစားအစာတွေဖြစ်တဲ့ မုန့်လုံး‌‌ရေပေါ်၊ မုန့်လက်ဆောင်း၊ ရွှေရင်အေး စတာတွေကို ကျွေးမွေးလှူဒါန်းဖို့ စီစဉ်ထားတယ်။ စတုဒီသာဆိုတာက ယုတ်၊ လတ်၊ မြတ်မရွေး ဘယ်သူမဆို စိတ်ကြိုက်အားပါးတရသုံးဆောင်နေကြတာ မြင်ရတာကိုဘဲ ပီတိဖြစ်ပြီး စိတ်ချမ်းသာတဲ့အကျိုးကို ချက်ခြင်းရတယ်" ဟု ဦးဆောင်စီစဉ်သူ ကော်မတီဝင်တစ်ဦးက ပြောသည်။

ရိုးရာသင်္ကြန်ထမင်း စတုဒိသာလှူဒါန်းရာတွင် သထုံမြို့ပေါ်ရှိ ရပ်ကွက်များမှပြည်သူများနှင့် ဘုရားဖူးများလာပြည်သူတို့က ပျော်ရွှင်စွာဖြင့် လာရောက်သုံးဆောင်ကြပြီး ဓာတ်တော်ဆေးကန်တော်မင်္ဂလာ ပြုပြင်တည်ဆောက်ရေးကော်မတီဝင်များ၊ ပရဟိတအဖွဲ့ဝင်များတို့က တပျော်တပါး စုပေါင်းလုပ်အားပေးကုသိုလ်ယူခဲ့ကြသည်။

ပွဲတော်ကာလ၌ အစုအဖွဲ့အလိုက် နေ့စဉ် စတုဒီသာကျွေးမွေးခြင်း၊ ဗဟိုရေကစားမဏ္ဍပ်ကြီး၌ ရိုးရာသင်္ကြန်ယိမ်းအကပြိုင်ပွဲများ၊ အနုပညာရှင်တို့၏ ဖျော်ဖြေရေးအစီအစဉ်များနှင့်အတူ ရိုးရာအစဉ်အလာမပျက် သက်ကြီးပူဇော်ပွဲများ၊ ဇီဝိတဒါန ငါးလွှတ်ပွဲများ၊ အစုအဖွဲ့အလိုက် ရေကစားမဏ္ဍပ်များစသည်တို့ဖြင့် အေးချမ်းပျော်ရွှင်စွာရေကစားခြင်း၊ ကုသိုလ်ပြုခြင်းတို့ကို ဆင်နွှဲနိုင်စေရန်စီစဉ်ထားကြောင်း မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီမှ သိရသည်။

ခရိုင်ပြန်/ဆက်