ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာစခန်းများသို့ သွားရောက်ထောက်ပံ့၊ လမ်းလျှောက်သင်္ကြန် ကျင်းပရန် ‌ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား  ဧပြီ ၁

ကချင်ပြည်နယ်အတွင်း နယ်မြေလုံခြုံရေး အခြေအနေအရ ခရိုင်/ မြို့နယ်အသီးသီးမှ တိမ်းရှောင်၍ မြစ်ကြီးနားမြို့တွင် လာရောက်ခိုလှုံနေထိုင်လျက်ရှိသော ယာယီတိမ်းရှောင် ပြည်သူ များအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ဒုတိယ ဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ယနေ့ မွန်းလွဲ ၁ နာရီတွင် မြစ်ကြီးနားမြို့ပေါ်ရှိ ယာယီတိမ်းရှောင်ပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်၊ ကြာရာပတ္တီး-ဘီအတွင်းရှိ ရှင်သန်ခြင်းဧဝံဂေလိ နှစ်ခြင်းအသင်းတော်ြခံဝင်းအတွင်းရှိ ယာယီတိမ်းရှောင်စခန်းသို့ သွားရောက်ပြီး အိမ်ထောင်စုများ အား ရင်းရင်းနှီးနှီးတွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အဆိုပါ စခန်းအတွင်းရှိ ဝိုင်းမော်၊ ဆော့လော်၊ ဖားကန့်မြို့နယ်တို့မှ ခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စု ၆၈ စုတို့အတွက် ငွေကျပ် ၆၁၆၇၆၀၀ တန်ဖိုးရှိ ဆန်(၂၄)ပြည်ပါအိတ် (၆၈)အိတ်၊ ဆီ (၆၈)ပိဿာတို့အား အသီးသီးထောက်ပံ့ပေးအပ်ကြရာ စခန်းတာဝန်ရှိသူက ကျေးဇူးတင်စကားနှင့် စခန်းနေမိသားစုများအတွက် လိုအပ်ချက်များကို တင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ အပါအဝင် ပြည်နယ်ဝန်ကြီးအသစ်များ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအား မိတ်ဆက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ ပြည်သူများရွေးကောက်တင်မြှောက်လိုက်သော အစိုးရအဖွဲ့အသစ် ပေါ်ပေါက်လာပြီဖြစ်သည့်အတွက် မိသားစုများ၏ အခက်အခဲများနှင့် လိုအပ်များကို စဉ်ဆက်မပြတ် ပံ့ပိုးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် မိသားစုများအနေဖြင့်လည်း မိမိ တို့၏ လိုအပ်ချက်များကို အစိုးရအဖွဲ့ထံသို့ လည်းကောင်း၊ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်ထံ သို့လည်းကောင်း ဆွေးနွေးတင်ပြနိုင်ပြီ ဖြစ်ပါကြောင်း၊ ထို့အတူ နိုင်ငံတော်အနေဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကို အလေးအနက်ထားဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ထိုလုပ်ငန်းစဉ်များတွင် အားလုံးက အစိုးရအဖွဲ့၊ လွှတ်တော်နှင့်အတူ ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းအားပေးပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)ပိုင် မြေနေရာတွင် ဒေသတွင်းရှိ ယာယီတိမ်းရှောင်မိသားစုများအား သက်ဆိုင်ရာဒေသအလိုက် အစုအဖွဲ့ဖြင့် နေထိုင်နိုင်ရေး နေရာချထားပေးခဲ့သော မြေနေရာပေါ်တွင် ဗန်းမော်ခရိုင်အတွင်းမှ အိမ်ထောင်စု (၁၀၀)ကျော် အား နေရာချထားပေးနိုင်ရေး ယာယီနေအိမ်တန်းလျားများ တည်ဆောက်လျက်ရှိသည့် Blessing စခန်းအတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ ကြပြီး မိုးမကျမီ အမြန်ဆုံးတည်ဆောက်ပြီးစီးရေးအတွက် လိုအပ်သည်များကို စခန်းတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ထောက်ပံ့ငွေကျပ်သိန်း ၅၀ ကို ထောက်ပံ့ ပေးအပ်သည်။

ဆက်လက်၍ အဆိုပါ မြေနေရာအတွင်း၌ ချီဖွေ၊ ဆော့လော်မြို့နယ်တို့မှ တိမ်းရှောင်မိသားစု များ နေရာချထားပေးထားသည့် နေရာ၌ ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးမှု၊ မိသားစုများလုပ်အားဖြင့် ယာယီနေအိမ်များတည်‌ဆောက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြကာ အမြန်ဆုံးတည် ဆောက်ပြီးစီးရေးနှင့် ရေအိမ်သာနှင့် ရေစင်တည်ဆောက်ပေးနိုင်ရေးတို့အတွက် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ငွေကျပ်သိန်း ၅၀ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့၌ ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် အမှတ်(၈)နှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့ ဆွမ်ပရာဘွမ်လမ်းမ အရှည်ပေ ၉၀၀ ကျော်တွင် လမ်းလျှောက်သင်္ကြန်ပွဲတော်နှင့် ဗဟိုမဏ္ဍပ်တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် ဌာနဆိုင်ရာနှင့် ရပ်ကွက်ယိမ်းအဖွဲ့များ ကြိုတင်အစမ်းလေ့ကျင့် ပြင်ဆင်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ယိမ်းအဖွဲ့များအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ကာ လမ်းလျှောက်သင်္ကြန်ဧရိယာအတွင်း ပုသိမ်ထီး/ ရောင်စုံထီးများ၊ ပိတောက်ပန်းခိုင်များဖြင့် လမ်းတစ်လျှောက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ အများပြည်သူ ရေပက်ကစားနိုင်ရေး လောင်းလှေကြီးများဖြင့် အလှဆင်ချထားပေးမှု အခြေအနေများနှင့် စတုဒိသာမဏ္ဍပ်များ တည်ဆောက်သွားမည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်