မော်လမြိုင် ဧပြီ ၁၂
မွန်ပြည်နယ်တွင် အားကစားကဏ္ဍ တိုးတက်အောင်မြင်မှုရှိစေရေးနှင့် ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ် အားကစားသမားများကို ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်ရေးအတွက် ၂၀၂၆ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ်၊ အသက် (၁၉) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ဧပြီ ၁၁ ရက် ညနေပိုင်းက၊ မော်လမြိုင်မြို့၊ ရာမည အားကစားကွင်း၌ ကျင်းပသည်။
ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆုများ၊ နေရာအလိုက် အကောင်းဆုံး ကစားသမားဆုများအားလည်းကောင်း၊ ဒုတိယဆု၊ ပူးတွဲတတိယဆုများ ရရှိကြသည့် ပြိုင်ပွဲဝင် ဘောလုံးအသင်းများအားလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ်၊ အသက် (၁၉) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရေးမြို့နယ်ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသားဆုများနှင့် တံခွန်စိုက်ဒိုင်းဆုအားပေးအပ်ချီးမြှင့်၍ အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)