ဖယ်ခုံ ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ် မီးသတ်ဦးစီးဌာန၌ အပတ်စဉ် နေ့စဉ်သက်ဆိုင်ရာ သင်ခန်းစာများကို အလှည့်ကျ လေ့ကျင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်ခန့်က မြို့နယ်မီးသတ် တပ်ဖွဲ့၀င်များသည် မီးသတ်စက်ကြီး လေ့ကျင့်ခန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
အဆိုပါ အပတ်စဉ်၊ နေ့စဉ်လေ့ကျင့်ခန်းများ ဆောင်ရွက်ရာတွင် မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်တာ၀န် (၄)ရပ်ဖြစ်သော မီးဘေး လုံခြုံရေး၊ သဘာ၀ဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေး စသည့်လုပ်ငန်းများ လျှင်မြန်စွာ ကူညီဆောင်ရွက်နိုင်ရန်အတွက် လေ့ကျင့်ခြင်း ဖြစ်ကြောင်း သိရသည်။
ဖယ်ခုံမြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်ဦးစီးမှူး ဦးဇော်ထွန်းဦးက လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ပြောကြား ရာတွင် “အခုလေ့ကျင့်နေတာကတော့ ဆီမီးသတ် ပိုက်ခေါင်း၊ ဖုန်းဆေးရည်နဲ့ ဆီသိုလှောင်ကန်တွေ၊ ဆီပန့်တွေမီးလောင်မှုမှာ တပ်ဖွဲ့၀င်တွေ အနေနဲ့ လျှင်လျှင်မြန်မြန် ကျွမ်းကျွမ်းကျင်ကျင် အချိန်တို အတွင်းမှာ မီးငြှိမ်းသတ်နိုင်ဖို့အတွက် လေ့ကျင့်ခြင်း ဖြစ်ပါတယ်။ မီးသတ်စက်ကြီးနဲ့ပတ်သက်ပြီး အခြားလေ့ကျင့်ခန်းတွေကိုလဲ” ဆောင်ရွက်နေပါတယ် ဟုပြောသည်။
မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် လေ့ကျင့်ခန်းများ ဆောင်ရွက်ရာတွင် တနင်္လာနေ့မှ သောကြာနေ့အထိ ပုံမှန်ရုံးဖွင့်ရက် အတိုင်း တနင်္လာနေ့တွင် လက်နက်မဲ့စစ်ရေးပြသင်ခန်းစာ၊ အင်္ဂါနေ့တွင် မီးသတ်စက်ကလေး သင်ခန်းစာ၊ ဗုဒ္ဓဟူးနေ့တွင် ရှာဖွေ ကယ်ဆယ်ရေးသင်ခန်းစာ၊ ကြာသပတေးနေ့တွင် မီးသတ်စက်ကြီး (မီးသတ်ယာဉ်) သင်ခန်းစာနှင့် သောကြာနေ့တွင် လက်နက်မဲ့စစ်ရေးပြ သင်ခန်းစာများကို လေ့ကျင့်လျက် ရှိကြောင်း သိရသည်။
မောင်မောင်ထွေး(ပြန်/ဆက်)