ရန်ကုန် ဧပြီ ၁၂
ရန်ကုန်တိုင်းဒေသကြီးရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)ကကြီးမှူး၍ မြို့နယ်အသင်းအဖွဲ့များပါဝင်ကျင်းပသည့် ရခိုင်ရိုးရာယဉ်ကျေးမှု သင်္ကြန်နံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပါယ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ရခိုင်ပြည်နယ်ဓမ္မာရုံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးနေမင်းထွန်းနှင့် တာဝန်ရှိသူများ၊ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)မှ တာဝန်ရှိသူများ၊ ရန်ကုန်ရောက် ရခိုင်ပြည်နယ်မြို့နယ်အသင်းများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
“ကျွန်တော်တို့ ရခိုင်ရိုးရာသင်္ကြန်ကို အဆင့်သုံးဆင့်နဲ့ကျင်းပလေ့ရှိပါတယ်၊ ပထမဆုံးအနေနဲ့ နံ့သာသွေးပွဲကျင်းပပါတယ်၊ ဒုတိယအဆင့်က ဘုရားရေသပ္ပာယ်ပွဲပါ၊ တတိယကတော့ ရခိုင်ရိုးရာယဉ်ကျေးမှုနဲ့အညီ ရေပက်ကစားကြခြင်းဖြစ်ပါတယ်၊ နံ့သာသွေးပွဲကိုတော့ အကြိုရက်မတိုင်မီ တစ်ရက်စောပြီး ကျင်းပပါတယ်၊ အကြိုရက်မနက်မှာတော့ သွေးလို့ရတဲ့နံ့သာရည်တွေနဲ့ဘု ရားဆင်းတုတော်တွေမှာရေသပ္ပါယ်ကြပြီးတော့ အကြိုနေ့နေ့လယ်ပိုင်းမှာ ရေပက်ကစားကြပါတယ်၊ ဒီကနေ့နံ့သာသွေးပွဲမှာတော့ မြို့နယ်အသင်းတွေက ရခိုင်လှပျိုဖြူတွေပါဝင်ကြပါတယ်”ဟု ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်)မှ တာဝန်ရှိသူကပြောကြားသည်။
အောင်မြင့်(ပြန်/ဆက်)