ဗိုလ်တထောင် ဧပြီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ဗိုလ်တထောင်ခရိုင်အတွင်းရှိမြို့နယ်များဖြစ်သည့် ဗိုလ်တထောင်မြို့နယ်၊ ဒေါပုံမြို့နယ်၊ သာကေတမြို့နယ်၊ ပုဇွန်တောင်မြို့နယ်နှင့်ခရိုင်ရုံးစိုက်သည့် မင်္ဂလာတောင်ညွန့်မြို့နယ်တို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေးအတွက် မြို့နယ်အသီးသီးမှ သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌများမှဦးဆောင်၍ ကော်မတီအဖွဲ့များအလိုက်ကြိုတင်ပြင်ဆင်မှုများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်နှင့်အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင်ကွင်းဆင်းကြည့်ရှုသည်။
ဗိုလ်တထောင်ခရိုင်အတွင်း မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကိုလမ်းလျှောက်သင်္ကြန်အဖြစ်စည်ကားသိုက်မြိုက်စွာကျင်းပသွားရန်ဖြစ်ပြီးပွဲတော်ရက်များအတွင်းပြည်သူများလွတ်လပ်ပျော်ရွှင်အေးချမ်းစွာရေကစားနိုင်ရေး၊ စတုဒိသာကျွေးမွေးနိုင်ရေး၊ ယိမ်းအကအဖွဲ့များ ကပြဖျော်ဖြေနိုင်ရေးတို့အတွက် သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးဦးစီးကော်မတီများအလိုက် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မြန်မာနှစ်သစ်ကူးရက်ဖြစ်သောနှစ်ဆန်းတစ်ရက်နေ့တွင် မြို့နယ်များအတွင်း ဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်ခြင်း၊ သက်ကြီးအဘိုးအဘွားများအား ပူဇော်ကန်တော့ခြင်းများကို မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခင်ဝင်း( ပြန် / ဆက်)