ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦး ပြည်မြို့ (ရွာဘဲ) အခြေခံညာမူလတန်းလွန်ကျောင်း၊‌ ကျောင်းဆောင်သစ်အပ်နှင်းပွဲသို့ တက်ရောက်အားပေးချီးမြှင့်

ပြည် ဧပြီ ၁၂

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်မြို့၊ ရွာဘဲရပ်ကွက်ရှိ (ရွာဘဲ) အခြေခံညာမူလတန်းလွန်ကျောင်း၌ ယနေ့နံနက် ၇ နာရီအချိန်က ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ ကျောင်းဆောင်သစ်အပ်နှင်းပွဲအခမ်းအနားကျင်းပရာ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦး တက်ရောက်အားပေးချီးမြှင့်သည်။

ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော်၊ တိုင်းဒေသကြီး (ရုံးခွဲ) ပညာရေးမှူး ဒေါက်တာချစ်ကိုကို၊ ခရိုင်ပညာရေးမှူးနှင့် မြို့နယ်ပညာရေးမှူးတို့က ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆု‌ငွေ‌ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ‌အခမ်းအနားကို အဆိုပါကျောင်းဆောင်သစ်အတွင်း၌ ဆက်လက်ကျင်းပရာ ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများအဖွဲ့က မြန်မာ့ကျောင်းသီချင်းဖြင့် ဧည့်ခံဖျော်ဖြေသည်။ ယင်းနောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ရွာဘဲမူလတန်းလွန်ကျောင်း၌ ကျောင်းသား၊ ကျောင်းသူဦးရေ ၃၀၆ ဦးရှိသည့်အတွက် စာသင်ဆောင်လိုအပ်မှုကို နိုင်ငံတော်အစိုးရ၏ ပံ့ပိုးမှုဖြင့်အလျားပေ ၉၀ နှင့် အနံပေ ၃၀ ရှိ ယခုတိုးချဲ့ဆောင် RC တစ်ထပ်ဆောင်ကို ရရှိလာပြီဖြစ်၍ ကျောင်းအဆောက်အဦပိုင်းနှင့် ပရိဘောဂပိုင်း ရေရှည်တိုးတက်ကောင်းမွန်ရေးအတွက် အထူးဂရုပြုထိန်းသိမ်းဆောင်ရွက်ရေး၊  ကျောင်းသား/ကျောင်းသူများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရည်တိုးတက်ကောင်းမွန်ရေးရလဒ်များကို အထူးအလေးပေးဆောင်ရွက်ရန် အမှာစကားပြောကြားသည်။

ယင်းနောက် ကျောင်းဆောင်သစ်ကို တာဝန်ယူတည်ဆောက်ခဲ့သော Pro Steel ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ကျောင်းဆောင်သစ်အား ကျောင်းအုပ်ကြီးထံ လွှဲပြောင်းပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက ကျောင်းဆောင်သစ်နှင့်ပတ်သက်၍ တာဝန်ရှိသူများအား ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ကျောင်းသား၊ ကျောင်းသူလေးများ၏ ဇာတိမာန်သီချင်း သီဆို‌ဖျော်ဖြေမှုဖြင့် အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)