မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်၍ ယိမ်းအကအဖွဲ့များမှ လေ့ကျင့်ပြင်ဆင်မှုများဆောင်ရွက်

လွိုင်လင် ဧပြီ ၇

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်မဟာသင်္ကြန်ပွဲတော်ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်၍ ယိမ်းအဖွဲ့များ အလှည့်ကျဖျော်ဖြေဆောင်ရွက်သွားမည်ဖြစ်ရာ၊ ယိမ်းအဖွဲ့လှပျိုဖြူများမှ မြန်မာ့ရိုးရာသင်္ကြန်တွင် ညီညာစွာဖျော်ဖြေနိုင်ရေးအတွက် ယိမ်းအကများအား သတ်မှတ်နေရာများအလိုက် လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မဟာသင်္ကြန်ပွဲတော်ကျင်းပရာတွင် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ/ပိတ်ပွဲနှင့် ကြိုဆိုနေရာချထားရေး၊ ဗဟိုမဏ္ဍပ်တည်ဆောက်ရေးနှင့် အခမ်းအနားပြင်ဆင်ဆောင်ရွက်ရေး၊ သင်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေရေး၊ ကျွေးမွေးဧည့်ခံရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လုံခြုံရေးနှင့် ပြည်သူများအေးချမ်းပျော်ရွင်စွာ ရေကစားနိုင်ရေးတို့ကို ဌာနဆိုင်ရာ တာဝန်ရှိသူများက ကော်မတီအဖွဲ့များအလိုက် ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အယ်မင်း (လွိုင်လင်)