မိုင်းပျဉ်း၌ မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

မိုင်းပျဉ်း  ဇန်နဝါရီ  ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာ ရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ခုန်နားကျောင်း ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းဆောင်ရွက်မှု အခြေအနေများအား ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်၊။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျိုင်းတုံပြည်နယ် ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းမြင့်၊ ကျိုင်းတုံခရိုင် ကျေးလက်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး​ဒေါ်လဲ့လဲ့သင်းနှင့် ဝန်ထမ်းများ၊ မိုင်းပျဉ်းမြို့နယ် ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းစိုးဌေး နှင့် စီမံကိန်းတာဝန်ခံတို့က လားဟူနှင့် အခါလူမျိုးများ နေထိုင်သည့် ခိုနားကျောင်း ကျေးရွာ၏ မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေ ကျပ်သိန်း(၃၀၀)ဖြင့် လည်ပတ်စီးဆင်းနေသည့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေး ပြီး ကျေးရွာပြည်သူများနှင့် တွေ့ဆုံကာ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းမြင့်က စီမံကိန်းလုပ်ငန်းများ လည်ပတ်မှု ကောင်းမွန်စေရန် အတိုး၊ အရင်းငွေများအား သတ်မှတ်ကာလအတွင်း ကျေပွန်စွာ ပေးဆပ်သွားရန်နှင့် ရရှိပြီးဖြစ်သော အတိုးရငွေများမှ ၅၀ ရာခိုင်နှုန်းအား ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် သင့်လျော်နေပြီဖြစ်ကြောင်း ကျေးရွာမှ လိုအပ်သော လုပ်ငန်းများ အကောင်အထည်ဖေါ် ဆောင်ရွက်သွားရန်နှင့် မြို့နယ်ကျေးလက်ဦးစီးဌာန၏ လမ်းညွှန်ကြီးကြပ်မှု များအား အချိန်နှင့်တစ်ပြေးညီ လိုက်နာဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှာ ကြားခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာတွင် အိမ်ခြေ(၁၀၂)အိမ်ရှိကာ လူဦးရေ(၃၁၅)ဦးရှိပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် တွင် ကျပ်သိန်း(၃၀၀)ဖြင့် စတင် အကောင်အထည်ဖေါ်ခဲ့ရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တိုးရင်းပေါင်း ငွေကျပ်သိန်း(၇၃၀) ရှိပြီဖြစ်ကြောင်းမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

မေမွန်ထွဋ် (ပြန်/ဆက်)