ချမ်းအေးသာစံ ဧပြီ ၁၂
မြန်မာသက္ကရာဇ် ၁၃၈၇ ခု ခရစ်နှစ် ၂၀၂၆ ခုနှစ် ဧပြီ ၁၁ ရက် ညနေပိုင်းတွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှင့် မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ဝတ်စုံပြည့်အစမ်းလေ့ကျင့်ခြင်းကို ချမ်းအေးသာစံမြို့နယ် ၂၆လမ်း၇၁လမ်းနှင့်၇၂လမ်းကြားရှိ မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်ရှေ့တွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြသည်။
ဖွင့်ပွဲအခမ်းအနားကို ခရုသင်းမှုတ်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းသူများအပါအဝင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)နှင့် မန်းစည်ပင်တို့မှ ယိမ်းအကအဖွဲ့များ စုစုပေါင်း အင်အား ၉၀၀ တို့က အနုပညာဦးစီးဌာန မန္တလေးဌာနခွဲမှ မင်္ဂလာစည်တော်၊ ဆိုင်းအဖွဲ့တို့နှင့်တွဲဖက်၍ သင်္ကြန်အဖွင့်သီချင်း၊ သင်္ကြန်ယိမ်းအကတို့ဖြင့် ကပြဖျော်ဖြေခြင်းများကို ဝတ်စုံပြည့်ဖြင့်ဆောင်ရွက်ခဲ့ကြပြီး ဝင်းခင်းအဖွဲ့၏ သရုပ်ဖော်တင်ပြသခြင်း၊ ပျူခေတ်၊ ပုဂံခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ်၊ ရတနာပုံခေတ်၊ မျက်မှောက်ခေတ်တို့ကို ကိုယ်စား ပြုသော ခေတ်(၆)ခေတ် သမီးပျိုများက အလှပြလှည်းယဉ်များဖြင့် ဂါရဝပြုသရုပ်ဖော်ပြသခြင်း၊ အကအဖွဲ့တစ်ဖွဲ့လျှင် ၅၀ပါ အတာအိုးနှင့်လှပျိုဖြူများအကအဖွဲ့၊ ငွေဖလားနှင့်ပန်းပိတောက်ပျိုအကအဖွဲ့၊ မြူးကြွဟန်ပန်နွေမတို့သင်္ကြန် အကအဖွဲ့၊ ပုဝါအလှနှင့် သင်္ကြန်မယ်အကအဖွဲ့၊ အိမ်တော်ရာထီးအလှ မန်းကေသီအကအဖွဲ့၊ သနပ်ခါးဖြူဖြူ မန္တလာသူအကအဖွဲ့၊ လက်ဖက်အုပ်ကိုယ်စီ မန်းပျိုမဒီအကအဖွဲ့၊ စက်ဘီးလေးနဲ့ မန္တလာသူအဖွဲ့ စုစုပေါင်းအကအဖွဲ့(၈)ဖွဲ့မှ ဖြတ်သန်းဂါရဝပြု ဖျော်ဖြေတင်ဆက်ခြင်း၊ မြို့မငွေငန်းအလှပြယာဉ်က မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်ရှေ့မှဖြတ်သန်းဂါရဝပြု ဖျော်ဖြေခြင်းနှင့် ကျောင်းသူကလေးများက မြို့မငွေငန်းအလှပြယာဉ်ကို ဝိုင်းပတ်၍ ပြန်လည်ဖျော်ဖြေတင်ဆက်ခြင်းများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ထွန်းထွန်းနိုင်