မန္တလေးမြို့ကျုံးပတ်လည် လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များနှင့် စတုဒီသာမဏ္ဍပ်များ ပြင်ဆင်ဆောက်ရွက်ပြီးစီး

ချမ်အေးသာစံ ဧပြီ ၁၂

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းကမန္တလေးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကျုံးပတ်လည်တစ်လျှောက် လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များနှင့် ဈေးဆိုင်ခန်းများ ပြင်ဆင်ဆောက်ရွက်ပြီးစီးမှုကို လိုက်လံကြည့်ရှုသည်။

ထိုသို့ ကြည့်ရှုရာတွင် မန္တလေးမြို့ ကျုံးတောင်ဘက်ခြမ်း ၂၆လမ်း ၆၆လမ်း မှ လမ်း၈၀ ၊ ကျုံးအနောက်ဘက်ခြမ်း လမ်း၈၀ ၂၆လမ်းမှ ၁၂လမ်း၊ ကျုံးမြောက်ဘက်ခြမ်း ၁၂လမ်း လမ်း၈၀ မှ ၆၆လမ်း၊ ကျုံးအရှေ့ ဘက်ခြမ်း ၆၆လမ်း ၁၂လမ်း မှ ၂၆လမ်းအတွင်း ဌာနဆိုင်ရာများ နှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များ၊ စတုဒီသာမဏ္ဍပ်များနှင့် ဈေးဆိုင်ခန်းများ ပြင်ဆင်ဆောင်ရွက်နေမှုနှင့် ပြီးစီးမှုအခြေအနေများ၊ လာရောက်ရေကစားကြမည့်ပြည်သူများ ရေလုံလောက်စွာဖြင့်ပျော်ရွှင်စွာ ပက်ဖျန်းကစားနိုင်ရန်အတွက်  စွမ်းအင်ချွေတာခြင်း အစီအစဉ်တစ်ရပ် အနေဖြင့် ဆိုလာများတပ်ဆင်၍ ဆိုလာပန့် အသုံးပြုဆောင်ရွက်ထားရှိမှု အခြေအနေများကိုလိုက်လံကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူများအား လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 မန္တလေးမြို့ရှိ ပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ လာရောက် လည်ပတ်ကြမည့်ပြည်သူများ မန္တလေးမြို့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ယဉ်ကျေးမှုအငွေ့အသက်များဖြင့် အေးချမ်းပျော်ရွှင်စွာဖြင့်ပါဝင်ဆင်နွှဲကာ စည်ကားသိုက်မြိုက်စွာကျင်းပသွားဖြစ်ပြီး မန္တလေးမြို့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား မြန်မာ့ယဉ်ကျေးမှု အငွေ့အသက်များစွာပါဝင်သည့်အစီစဉ်များဖြင့် ထည့်သွင်းဆောင်ရွက်ထား ကြောင်း၊ လမ်းလျှောက်သင်္ကြန်မဏ္ဍပ် စုစုပေါင်း ၅၅ ခု၊ ဈေးဆိုင်ခန်း ၄၈၇ ခု ဆောင်ရွက်ထားရှိကြောင်း၊ ရေလုံလောက်စွာ ပက်ဖျန်းကစားနိုင်မည့်အပြင် စက်သုံးဆီခြိုးခြံချွေတာသည့်စနစ်ကို ဦးတည်ပြီး လျှပ်စစ်ဓာတ်အားခ ကုန်ကျမှုသက်သာစေရန် တွဲဖက်၍ ပြန်လည်ပြည့်ဖြိုးစွမ်းအင်ဆိုလာများ တပ်ဆင်အသုံးပြုကာ ရေမော်တာများ မောင်းနှင်အသုံးပြုသွားမည်ဖြစ်ပြီး မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်၊ ကျုံးပတ်လည်လမ်းလျှောက်သင်္ကြန် မဏ္ဍပ်များ၊ တိုင်းရင်းသားရိုးရာမဏ္ဍပ်များ၊ လောင်းလှေများဖြင့် ရေကစားနိုင်ရန် စီစဉ်ထားရွက်ထားရှိကြောင်း၊ နိုင်ငံကျော်အနုပညာရှင်များ၊ ယိမ်းအကအဖွဲ့ဝင်များ၊ မြန်မာ့ဆိုင်းဝိုင်းအဖွဲ့၏ ဧည့်ခံဖျော်ဖြေတင်ဆက်မှုများ၊ လက်ဖက်ယဉ်ကျေးမှုဆင်နွှဲ ဒြပ်မဲ့သနပ်ခါးအလှ မန်းသင်္ကြန်ပွဲနှင့် ပျော်ရွှင်ဆင်နွှဲမန်းသင်္ကြန်ပွဲ ခေါင်းစဉ်တို့ဖြင့် ဓာတ်ပုံပြိုင်ပွဲများ ထည့်သွင်းဆောင်ရွက်ထားကြောင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ မင်္ဂလာမန္တလေးတွင်လည်း လမ်းလျှောက်သင်္ကြန်ကို ပြည်သူများပျော်ရွှင်စွာ ဆင်နွှဲနိုင်ရန်အတွက်လည်း စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။