ဖယ်ခုံမြို့တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

ဖယ်ခုံ ဧပြီ ၁၂                                            

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့တွင် ၂၀၂၆ ခုနှစ်၊  မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို ဗဟိုရေကစားမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်၊ စတုဒိသာမဏ္ဍပ်၊ ယိမ်းအဖွဲ့ပြိုင်ပွဲများ၊ ယိမ်းအကအလှများ၊ ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဧပြီလ ၁၃ ရက်နေ့မှ ဧပြီလ ၁၆ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များအား ဖယ်ခုံမြို့နယ် ညောင်ကုန်းရပ်ကွက်နှင့် နန်းဟူးရပ်ကွက်ရှိ အောင်ပန်း-လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးတွင် ပြင်ဆင်ဆောက်လုပ် လျက်ရှိပြီး သင်္ကြန်ပွဲတော်ရက်များ၌ ဗဟိုမဏ္ဍပ်တွင် သင်္ကြန်ယိမ်းအဖွဲ့ပြိုင်ပွဲ၊ ယိမ်းအကအလှများဖြင့် နေ့စဉ်ဖျော်ဖြေတင်ဆက် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက်  ဗဟိုမဏ္ဍပ်အပြင်၊ လမ်းလျောက်သင်္ကြန်မဏ္ဍပ်များ ကြိုတင်ပြင်ဆင် ဆောက်လုပ်နေမှုများအား အမှတ်(၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ကျော်ဇော၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းရွှေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးမြတ်သူနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတို့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ဖယ်ခုံမြို့နယ် (ပြန်/ဆက်)