မြစ်သားမြို့နယ်အတွင်း နှမ်းဖြူစိုက်ပျိုးအပင်များ အောင်မြင်ဖြစ်ထွန်း

မြစ်သား ဧပြီ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက စားသုံးဆီဖူလုံပိုလျှံရေးအတွက် ကင်းတာဆည်ရေနှင့် ပန်းလောင်မြစ်မှ မြစ်ရေတင်ခြင်းတို့ဖြင့် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နှမ်းဖြူများကိုစိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုနှစ်တွင် နှမ်းဖြူများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးအဆင်ပြေမှုကြောင့် သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ကောင်းမွန်သဖြင့် ဒေသခံတောင်သူများက သီးနှံများကို တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ကိုင်လျက်ရှိရာ နှမ်းဖြူစိုက်တောင်သူများသည် ဘောင်ကန့်ရေသွင်းစနစ်ဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်းဖြစ်ပြီး တစ်ဧကလျှင် ၁ ပြည်နှင့် ၄ ဗူးသာ ကုန်ကျ၍ နှစ်လခန့်အကြာတွင် နှမ်းဖြူစိုက်ခင်းများ အပွင့်၊ အသီး စတင်ဖူးပွင့်ပြီး လေးလခန့်အကြာတွင် စတင်ရိတ်သိမ်း၍ ရပါကြောင်း၊ ယခုနှစ်တွင် နှမ်းဖြူ‌စိုက်တောင်သူများ ဈေးကောင်းရရန် မျှော်လင့်လျက်ရှိကြောင်း နှမ်းဖြူစိုက်ပျိုးသော တောင်သူများထံမှ သိရသည်။

မြစ်သားမြို့နယ်အတွင်းရှိ ယခုနှစ်နှမ်းစိုက်ပျိုးခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဒေသခံတောင်သူများအနေဖြင့် နှမ်းများရိတ်သိမ်းပြီးစီးချိန်တွင် မိုးစပါးသီးနှံများကို ထပ်မံစိုက်ပျိုးသွားမည်ဖြစ်ပြီး သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် သီးထပ်သီးနှံများ စိုက်ပျိုးရန်အတွက် သက်တမ်းတိုပြီးအထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များကိုသာ ရွေးချယ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ဝါဝါမြင့်(မြစ်သား)