ကျောက်ပန်းတောင်းမြို့နယ်၌ မြန်မာ့ရိုးရာလမ်းလျှောက်သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

ကျောက်ပန်းတောင်း ဧပြီ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာရိုးရာ မဟာသင်္ကြန်ပွဲတော်ကြီးကို အစဉ်အလာမပျက်ကျင်းပသွားမည်ဖြစ်ပြီး၊ ယခုနှစ်တွင် မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်ပွဲတော်အဖြစ် လွတ်လပ်ရေးရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်အနီးရှိ စခန်းသာလမ်းတွင် စတုဒိသာ အကျွေးအမွေးများ၊ ဖျော်ဖြေပွဲများဖြင့် သင်္ကြန်အကျနေ့ နံနက် ၈ နာရီမှစ၍ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် စီခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပါဝင်၍ မဟာသင်္ကြန် အကျနေ့၊ အကြတ်နေ့နှင့် အတက်နေ့များတွင် ဌာနဆိုင်ရာ အသင်းအဖွဲ့များမှ မုန့်လုံးရေပေါ်၊ သာကူကြို၊ မုန့်လက်ဆောင်၊ ဖျော်ရည် အစရှိသည့် စားသောက်ဖွယ်ရာများကို စတုဒိသာကျွေးမွေး သွားကြမည်ဖြစ်ကြောင်းနှင့် ဧည့်ခံဖျော်ဖြေပွဲများအဖြစ် ခေတ်ပေါ်တီးဝိုင်းနှင့် အဆိုရှင်များ အကအလှများဖြင့် ဧည့်ခံသွားမည်ဖြစ်သည်။

ရေပက်ကစားကြမည့် သူများအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်ရေသယ်ယာဉ်၊ မီးသတ်ဦးစီးဌာန ရေသယ်ယာဉ်များဖြင့် ရေများကို ရေကန်ငယ်များဖြင့် ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်းနှင့် ရေပက်ခံလာရောက်ကြသူများနှင့် ရေကစားကြမည့်သူများ အပူဒဏ်အန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် အဆိုပါ လမ်းတစ်လျှောက်တွင် ပိုက်အစိမ်းစများဖြင့် အမိုးပြုလုပ်ထားပေးပြီး မုဒ်ဦးမှစ၍ လမ်းအဆုံးထိ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားနိုင်ကြစေရန် စီစဉ်ထားရှိ သွားမည်ဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)