ညောင်ဦး ဧပြီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ခရီးသွားဘုရားဖူး၊ လေ့လာရေးရောက်ရှိခဲ့ပါက မင်းနန်းသူကျေးရွာ၊ အနီးရှိ ဂူဘုရားသုံးဆူတွဲလျက် တည်ဆောက်ထားသည့် ဘုရားတည်ဆောက်ပုံ ဗသုကာပညာရပ်နှင့် လက်ရာအလွန်မြောက်စွာ ရေးဆွဲထားသည့်၊ နံရံပန်းချီများကို လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ တာဝန်ရှိသူများထံက သိရသည်။
ဘုရားသုံးဆူဟူသောအမည်မှာ ဂူဘုရားသုံးဆူ တွဲလျက်တည်ဆောက်ထားသည်ကို အစွဲပြုခေါ်ဝေါ်ခဲ့ကြောင်း၊ ကွန်းတောင်ပေါက် ဂူစေတီသုံးဆူအား စင်္ကြန်ပေါင်းကူးလမ်းသွယ်ဖြင့် တစ်ဆူနှင့်တစ်ဆူဆက်သွယ်ထားသည်ကို လေ့လာနိုင်သည်။ မြောက်ဘက်လှည့် မုခ်ပေါက်များဖြင့် တည်ဆောက်ထားကာ ထိုင်တော်မူဆင်းတုတော်သုံးဆူကိုလည်း ဖူးမြော်နိုင်ပြီး၊ အရှေ့ဘက်နှင့်အလယ်ဆင်းတုတော်တွင် လက်ရာအလွန်မြောက်စွာ ရေးဆွဲထားသော နံရံပန်းချီလက်ရာများကိုတွေ့ရှိရပြီး အနောက်ဘက်ဆင်းတုတော်တွင် နံရံပန်းချီ လုံးဝရေးဆွဲမထားဘဲ ရေးဆွဲစဉ်ကာလကပင် တစ်စုံတစ်ခုသောအကြောင်းကြောင့် ရပ်ဆိုင်းခဲ့ရှိကြောင်း၊ နံရံပန်းချီနှင့်ဗိသုကာလက်ရာအရ (၁၃)ရာစုခေတ်လက်ရာဖြစ်ကြောင်း သိရသည်။
ဘုရားသုံးဆူနှင့် တဆက်တစပ်တည်း အနောက်ဘက်တွင် နရသီဟပတေ့ဘုရား၊ အုတ်တိုက်များ၊ အုတ်ရိုးများ၊ သံမ္ဘူလဘုရား၊ စောလဝန်းဘုရား၊ လေးမျက်နှာဆုတောင်း ပြည့်ဘုရားတို့ကို ဖူးမြော်နိုင်ကြောင်း သိရသည်။
ဒီပါလင်း