မြစ်သား ဧပြီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ရွှေကြာအင်းကျေးရွာ၌ ဒေသခံတောင်သူများ စီးပွားဖြစ်စိုက်ပျိုးထားသော ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်အနေဖြင့် ပဲတီစိမ်းသီးနှံစိုက်ပျိုးရာတွင် မတ်လနှင့်ဧပြီလများတွင် ကျောက်စိမ်းမျိုးနှင့် ရေဆင်း-၁၁ မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး အထွက်နှုန်းကောင်းမွန်စေရန်အတွက် မိရိုးဖလာ(ပက်ကျဲ)စနစ်အပြင် သိပ္ပံနည်းကျစိုက်ပျိုးခြင်းဖြစ်သော(ဘောင်ကြီးတင်စနစ်)များဖြင့် အမျိုးမျိုးစိုက်ပျိုးကြသည်။ ပက်ကျဲစနစ်ဖြင့်စိုက်ပျိုးမည်ဆိုပါက လယ်မြေတစ်ဧကတွင် ပဲတီစိမ်းမျိုးစေ့ ၄ ပြည်ခန့်အသုံးပြုရပြီး၊ သိပ္ပံနည်းကျ (ဘောင်ကြီးတင်စနစ်)ဖြင့်စိုက်ပျိုးပါက ပဲတီစိမ်းမျိုးစေ့ ၂ ပြည်ခန့်အသုံးပြုစိုက်ပျိုးရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုးစေ့ဖိုး၊ မြေပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ မြေသြဇာဖိုး၊ ဖျန်းဆေးဖိုးများနှင့် ခူးဆွတ်ခအပါအဝင် လေးသိန်းကျပ်ခန့်ကုန်ကျကြောင်း သိရသည်။
ပဲတီစိမ်းသီးနှံစိုက်ပျိုးရာတွင် အပင်အပြုအစုနှင့် ရာသီဥတုကောင်းမွန်ပါက တစ်ဧကလျှင် ၁၀ တင်းမှ ၁၇ တင်းအထိထွက်ရှိကြောင်း ယခုနှစ်တွင် ပဲတီစိမ်းသီးနှံ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ အထွက်နှုန်းနှင့် ဈေးနှုန်းကောင်းမွန်ပါက အကျိုးအမြတ်ပိုမိုရရှိမည်ဖြစ်ကြောင်း ရွှေကြာအင်းကျေးရွာနေ ပဲတီစိမ်းစိုက်ပျိုးသည့်တောင်သူ ဦးဝင်းမြင့်ထံမှ သိရသည်။
ဝါဝါမြင့် (မြစ်သား)