မိတ္ထီလာ ဧပြီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ သရက်သီးနှံ (GAP) နှင့် ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း၊ တောင်သူနည်းပညာပေးကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က မိတ္ထီလာဥယျာဉ်ခြံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
တောင်သူနည်းပညာပေးကွင်းသရုပ်ပြပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန မိတ္ထီလာဥယျာဉ်ခြံမှ ခြံတာဝန်ခံ ဦးသာဒိုးဦးက ဥယျာဉ်ခြံအတွင်း (GAP) နည်းစနစ်ဖြင့် စိုက်ပျိုးထားရှိမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် စိုက်ပျိုးရေးဦးစီးဌာန မိတ္ထိလာခရိုင်ရုံးမှ သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်သင်းမြတ်ခိုင်က သီးနှံများ ပိုးမွှားကာကွယ်ရေးနှင့် ပတ်သက်၍ပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန မြစ်သားမြို့နယ် မြနဒီခြံတာဝန်ခံ ဦးသန်းထွန်းဦးက သရက်သီးနှံ (GAP) စိုက်ပျိုးနည်းစနစ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာသော တောင်သူများအား မိတ္ထီလာဥယျာဉ်ခြံမှ ခြံတာဝန်ခံ ဦးသာဒိုးဦးက ဥယျာဉ်ခြံအတွင်း အရည်းအသွေးကောင်း သရက်သီးရရှိရန် သီးထိုးချိန်အန္တရာယ်မှကာကွယ်ရန်အတွက် လက်တွေ့အိတ်စွပ်ပြသခြင်း၊ သရက်ကိုင်းကူးကိုင်းဆက်နည်းများအား ပြသခြင်းနှင့် ပုံမှန်ချိန်ထက် သရက်သီးထွက်ချိန်စောရန် သုတေသနစမ်းသပ်ကွက်အား လက်တွေ့ရှင်းလင်းပြသခဲ့သည်။
အဆိုပါ ကွင်းသရုပ်ပြပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန်၊ ဒုတိယတိုင်းဦးစီးမှူး ဦးစိုးသိန်း၊ မိတ္ထီလာ၊ ကျောက်ဆည်၊ ရမည်းသင်း၊ ညောင်ဦးခရိုင်များမှ ခရိုင်ဦးစီးမှူးများနှင့် ၎င်းတို့ ကြီးကြပ်မှုအောက်ရှိ မြို့နယ်ဦးစီးမှူးများ၊ ခြံတာဝန်ခံများ၊ မိတ္ထီလာမြို့နယ် စိုက်ပျိူးရေးဝန်ထမ်းများနှင့် သရက်သီးနှံစိုက်တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)