နမ့်စန်(တ) ဧပြီ ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ် (၁၂)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သော စတုတ္ထအကြိမ်မြောက် ကုလရက္ခိတ ယဉ်ကျေးလိမ္မာ(၁၀)ရက် လူငယ်အထူးတရားစခန်း အောင်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက အမှတ်(၃)ရပ်ကွက်ရှိ မြို့မဝိသုဒ္ဓိကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အောင်ပွဲအခမ်းအနားကို ဆရာတော်အရှင်သူမြတ်များ၊ မြို့နယ်မှတာဝန်ရှိသူများ၊ တရားစခန်းဝင် လူငယ်မောင်မယ်များနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များက နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပေးခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် မြို့ဦးသီရိမင်္ဂလာကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဏ္ဍညထံမှ ငါးပါးသီလခံယူဆောက်တည်ကာ မြို့နယ်သံဃသမ္မုတိရသံဃာ့ကိုယ်စားလှယ် သုခိတာကမ္မဋ္ဌာန်းကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တအာလောကထံမှ သင်တန်းဆင်း ဩဝါဒကထာများ နာယူခဲ့ကြသည်။
ထို့နောက် လူငယ်တရားစခန်းဝင် သင်တန်းသားသင်တန်းသူများကိုယ်စား လူငယ်မောင်မယ်(၄)ဦးက ရင်တွင်းစကားများ အသီးသီးပြောကြားခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်သာသနာရေးဦးစီးမှူး ဦးစိုင်းထွန်းထွန်းမင်း၊ မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မျိုးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သာသနာရေးဆိုင်ရာအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ အလှူရှင်များက ဆရာတော်သံဃာတော်များကို နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော်သံဃာတော်များက သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်း၊ သင်တန်းမှူးဆရာတော်က သင်တန်းအနှစ်ချုပ် ဩဝါဒကထာပြောကြားခြင်းနှင့် ဆရာတပည့်ခွင့်လွှတ်တောင်းပန်ခြင်း အစီအစဉ်ဆောင်ရွက်ခြင်း၊ အလှူရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း စသည့်အစီအစဉ်များကို အသီးသီးဆောင်ရွက်ခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
နိုင်ငံ့သည်းချာ ရင်သွေးရတနာတို့၏ နှလုံးသား၌ မြတ်ဗုဒ္ဓ၏ မြတ်ဓမ္မများ စနစ်တကျကိန်းဝပ်ပြီး လူ့ကျင့်ဝတ်၊ လူ့သိက္ခာနှင့်အညီ နိုင်ငံနှင့်အမျိုး၊ ဘာသာ၊ သာသနာအကျိုးကို ထမ်းရွက်နိုင်သော၊ ထမ်းရွက်လိုသော လူတော်လူကောင်းများ တိုးတက်ပြန့်ပွားနိုင်ရန်ရည်ရွယ်ကာ လူငယ်အထူးတရားစခန်းကို ဧပြီလ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး နမ့်စန်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ အသက်(၁၄) နှစ်မှ(၃၀)နှစ်အတွင်းရှိ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း(၁၉၅)ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)