ပျော်ဘွယ် ဧပြီ ၁၁
ပျော်ဘွယ်မြို့နယ် (၁၆)ကုတင်ဆံ့တိုင်းရင်းဆေးရုံမှ တရားစခန်းဝင်ရောက်နေသည့် သံဃာတော်များ၊ သက်ကြီးဘိုးဘွားများအား အပူဒဏ်ကာကွယ်ရေး အသိပညာပေးခြင်း၊ လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခမဲ့ကွင်းဆင်းကုသပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ရွှေပြည်ရန်လုံရပ်ကွက်ရှိ မင်္ဂလာအောင်မြေ တရားစခန်းရိပ်သာ၌ ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုကဲ့သို့ဆောင်ရွက်ပေးရာတွင် မြို့နယ်(၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးရုံအုပ် ဒေါ်သက်နှင်းဦးနှင့် ဝန်ထမ်းများက အပူဒဏ်ကာကွယ်ရေးအတွက် နေထိုင်ရမည့်နည်းလမ်းများ၊ သံဃာတော်များနှင့် သက်ကြီးဘိုးဘွားများအား ရာသီအလိုက်ဖြစ်ပွားတတ်သောရောဂါများ၊ အသက်အရွယ်အလိုက် ပြုလုပ်သင့်သည့်လေ့ကျင့်ခန်းများနှင့် ဆောင်ရန်ရှောင်ရန်များကို ရှင်းလင်းဆွေးနွေးကြသည်။
ဆက်လက်၍ တိုင်းရင်းဆေးရုံမှဝန်ထမ်းများက ခါးနာ၊ ဒူးနာ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ကျီးပေါင်းရောဂါဝေဒနာရှင်များအား စစ်ဆေးကုသပေးခြင်း၊ သွေးတိုးရောဂါ၊ နှလုံးရောဂါဝေဒနာရှင်များအား တိုင်းရင်းဆေးနည်းဖြင့်ကုသပေးခြင်း၊ ရောဂါအလိုက် လိုအပ်သောအကြံဉာဏ်များပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)