မော်လမြိုင် ဧပြီ ၁၁
မွန်ပြည်နယ် မော်လမြိုင်မြို့နယ် မြိုင်သာယာရပ်ကွက်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ကာလ နှစ်ဦးအကြို သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အစဉ်အလာမပြတ် ပူဇော်ကန်တော့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး၊ မြိုင်သာယာရပ်ကွက် အကျိုးတော်ဆောင်နာယကတစ်ဦးက သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ကန်တော့ခံဘိုးဘွားများအား ဘိုးဘွားကန်တော့ချိုးဖြင့် ကန်တော့ခဲ့ကြကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများကအဖိုး (၁၁၀) အဖွား (၁၀၂) စုစုပေါင်း (၁၁၂) ဦးအား ဘိုးဘွား (၁) ဦးလျှင် ၃၀၀၀၀ နှုန်းဖြင့် အလှူငွေများ လှူဒါန်းခဲ့ကြရာ ကန်တော့ခံအဘိုး (၁) ဦးနှင့် အဖွား (၁) ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ဘိုးဘွားများအား ပျော်ပွဲရွင်ပွဲအနေဖြင့် ကံစမ်းမဲများနှိုက်ပေးခဲ့ပြီး မြိုင်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)