မိုးညှင်းမြို့၌ မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်

မိုးညှင်း ဧပြီ ၁၁

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ၁၃၈၇ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ပွဲတော်ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းစပ်ကော်မတီများဖွဲ့စည်းကာ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်သူရပ်ကွက်သားများပူးပေါင်းကာ ကြိုတင်ပြင်ဆင်နေမှုများအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးညှင်းမြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလအတွင်း ပြည်သူများပါဝင်ဆင်နွှဲနိုင်ရေးအတွက် လုံခြုံရေး၊ ယာဉ်အသွားအလာများ စနစ်တကျဖြစ်စေရေး၊ ခရိုင်ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်များ တည်ဆောက်ခြင်း၊ သင်္ကြန်ကာလအတွင်း စတုဒိသာများ ဧည့်ခံကျွေးမွေးခြင်းများနှင့် ပြိုင်ပွဲဝင်သင်္ကြန်ယိမ်းအက အဖွဲ့များအပြင် ဖျော်ဖြေရေး ယိမ်းအကအလှများ၊ သင်္ကြန်တေးသီချင်းများ၊ ခေတ်ပေါ်တေးဂီတဖျော်ဖြေရေး အစီစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ခရိုင်ဗဟိုမဏ္ဍပ်တွင် သင်္ကြန်ယိမ်းအကပြိုင်ပွဲယှဉ်ပြိုင်နိုင်ရန်အတွက် ယိမ်းအကအဖွဲ့များမှလည်း အပြိုင်အဆိုင် ဇာတ်တိုက်ကြိုတင်လေ့ကျင့်မှုများ ဆောင်ရွက်ကြလျက်ရှိကြောင်း သိရသည်။

ထို့ပြင် မိုးညှင်းမြို့စုပေါင်းရုံး၌ နှစ်ဆန်းတစ်ရက်နေ့တွင် နှစ်စဉ်အစဉ်အလာမပျက် သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ကြခြင်းနှင့် ဆရာတော်ကြီးများ ပင့်ဖိတ်၍ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူခြင်း အစီအစဉ်များကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေမိုးညှင်း