ဗန်းမော် ဇန်နဝါရီ ၁၄
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် နိုင်ငံ့ဝန်ထမ်း များအား နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ ကချင်ပြည်နယ် ဗန်းမော်မြို့ (၃) မိုင်၊ ရွှေပြည်သာ ရပ်ကွက်ရှိ စုပေါင်းဝန်ထမ်း အိမ်ရာ၌ ထပ်မံတည်ဆောက်မည့် (၄) ခန်းတွဲ (၄) ထပ် ဝန်ထမ်းအိမ်ရာ အဆောက်အဦ (၂) လုံးကို ယနေ့နံနက် ၉ နာရီခန့်က ပန္နက်ရိုက် မင်္ဂလာအခမ်းအနား ကျင်းပခဲ့သည်။
ပန္နက်ရိုက်ရာတွင် ဗန်းမော်မြို့ ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလွင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်နှင့် တာဝန်ရှိသူများတို့က ထပ်မံတည်ဆောက်မည့် တိုက်အမှတ် (၅) နှင့် တိုက်အမှတ် (၆) ဖြစ်သည့် RC (၄) ခန်းတွဲ (၄) ထပ်ဝန်ထမ်း အိမ်ရာကို ပန္နက်ရိုက်တင်ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးခဲ့ကြသည်။
ယခုတည်ဆောက်မည့် (၆၁ ပေ - ၆ လက်မ x ၅၁ ပေ) အကျယ်အဝန်းရှိသော RC (၄) ထပ် အဆောက်အဦ အိမ်ခန်း (၁) ခန်းလျှင် (၆၅ဝ) စတုရန်းပေ ကျယ်ဝန်းသော RC (၄) ခန်းတွဲ (၄) ထပ် ဝန်ထမ်းအိမ်ရာ အဆောက်အဦ (၂) လုံး တိုက်အမှတ် (၅)နှင့် အမှတ်(၆) ကို မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ခုနှစ်၊ ပြည်နယ်ဘဏ္ဍာရေးရန်ပုံငွေဖြင့် တိုက်အမှတ်(၅)ကို ခွင့်ပြုငွေကျပ်(၃၁၅ ဒသမ ၆ဝဝ) သန်းဖြင့် လည်းကောင်း မဟာမြသိင်္ဂီကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်မည်ဖြစ်ပြီး တိုက်အမှတ် (၆) ကို ခွင့်ပြုငွေကျပ် (၃၁ဝ ဒသမ ဝဝဝ) သန်းဖြင့် လည်းကောင်း အောင်ဖြိုးဓန ကုမ္ဗဏီမှ တာဝန်ယူ ဆောက်လုပ်သွားမည်ဖြစ်သည်။
အဆိုပါစုပေါင်း ဝန်ထမ်းအိမ်ရာ၌ တိုက်အမှတ် (၄) တွင် ငှားရမ်းနေထိုင်သည့် အမှုထမ်း ဝန်ထမ်းတစ်ဦးက "ကျွန်တော် ဝန်ထမ်းအိမ်ရာမှာ အငှားမရခင်က ဗန်းမော်မြို့ သာစည် ရပ်ကွက်မှာ ငှားနေရတာ တစ်လကို (၆၅၀၀၀) ကျပ် ငှားနေရတာ အခန်းကလည်း ကျဉ်းကျဉ်းလေး၊ ကျွန်တော်ရတဲ့လစာနဲ့ အဲ့မှာငှားနေရတာ အဆင်မပြေဘူး။ စုပေါင်းဝန်ထမ်းအိမ်ရာမှာ လျှောက်ပြီး ၂ဝ၂ဝ ပြည့်နှစ်၊ ခုနှစ်လပိုင်းမှာ စနေရတယ်။ ဒီမှာက ရေ၊ မီးအစုံလည်းရတယ်၊ ကျွန်တော့ လစာစကေးနဲ့ဆို အိမ်ခန်းငှားခတစ်လမှ စခန်းသာယာရေးကြေးအပါအဝင် တစ်လကို ရှစ်ထောင် ကျပ်ပဲပေးရတာ အဆင်ပြေတယ်" ဟု ပြောကြားသည်။
အဆိုပါ စုပေါင်းဝန်ထမ်းအိမ်ရာကို မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်အထိ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် (၄)ခန်းတွဲ (၄) ထပ် ဝန်ထမ်းအိမ်ရာ အဆောက်အဦ (၄) လုံး၊ အခန်းပေါင်း (၆၄) ခန်း ဆောက်လုပ်ပြီးစီး၍ ဗန်းမော်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်းများနှင့် အမှုထမ်းများအား နေရာချထားပေးခဲ့ပြီး အိမ်ငှားရမ်းပေးရာတွင် ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ်၊ အရာထမ်း အခြေခံလစာ၏ (၅) ရာခိုင်နှုန်းနှင့် အမှုထမ်းအခြေခံလစာ၏ (၃) ရာခိုင်နှုန်းတို့ဖြင့် အိမ်ငှားရမ်းခ အဖြစ် သတ်မှတ်၍ လစဉ်စည်းကြပ်ကောက်ခံလျက်ရှိကြောင်းနှင့် ဗန်းမော်ခရိုင်အတွင်းရှိ ဗန်းမော်၊ မိုးမောက်၊ မံစီနှင့် ရွှေကူမြို့နယ်တို့တွင် အိမ်ခန်းပေါင်း (၁၆ဝ) ခန်း ဆောက်လုပ်ခဲ့ပြီး ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် အိမ်ခန်းစုစုပေါင်း (၈ဝ) ခန်း ထပ်မံဆောက်လုပ်သွား မည်ဖြစ်ကြောင်း ဗန်းမော်ခရိုင်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနရုံးထံမှ သိရသည်။
ကိန်းဖြူ(ပြန်/ဆက်)