ထန်းတပင်၌ သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်ပေါင်းနှစ်သောင်းကို (အခမဲ့) ဖြန့်ဝေပေးသွားမည်

ထန်းတပင်(ရန်ကုန်) ဇန်နဝါရီ ၁၄

သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးနှင့် ဒေသတွင်း အပူချိန်မြင့်မားလာမှုများအား လျော့ချနိုင်ရန် ရည်ရွယ်၍ ယခုနှစ် မိုးရာသီကာလ အတွင်း သစ်ပင်များ စိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင် ပေါင်းနှစ်သောင်းကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာနေ ပြည်သူများနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများအား (အခမဲ့) ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ထန်းတပင်မြို့နယ် သစ်တောဦးစီးဌာန အနေနဲ့ဆိုရင် တိုင်းဒေသကြီး ရန်ပုံငွေနဲ့ နှစ်စဉ်နှစ်စဉ် လူထုဖြန့်ပျိုးပင်တွေကို နှစ်သောင်းပေါ့ အရေအတွက် နှစ်သောင်းကို ပျိုးထောင်ပြီးတော့ ပြည်သူ လူထုကို(အခမဲ့) ဖြန့်ဝေပေးလျက်ရှိပါတယ်၊ ပြည်သူတွေအပြင် သစ်ပင်ကို စိုက်ပျိုး လိုတဲ့ တပ်ရင်း တပ်ဖွဲ့တွေ၊ ဌာနဆိုင်ရာတွေ၊ ကုမ္ပဏီတွေ၊ NGO အဖွဲ့အစည်းတွေကနေ လာရောက်တောင်းခံ လာရင်လည်း လျာထားချက် အရဘဲ ခွဲဝေပြီးတော့ (အခမဲ့) ဖြန့်ဝေသွားမှာဖြစ်ပါတယ်၊ ဒါ့အပြင် လွှတ်တော်ကိုယ်စားလှယ်ကြီးတွေ စိတ်ပါဝင်စားတဲ့ ပြည်သူတွေ ဌာနဆိုင် ရာ တွေ၊ ကုမ္ပဏီ အဖွဲ့အစည်းတွေ အဲဒီကနေ သစ်ပင်စိုက်ပျိုးပွဲတော်တွေ ဆောင်ရွက်လိုတယ်ဆိုရင်လည်း ကျွန်တော်တို့ က ပျိုးပင်နဲ့ နည်းပညာ ကို (အခမဲ့) ဖြန့်ဝေပြီးတော့ ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်”ဟု မြို့နယ်သစ်တောဦးစီးဌာန မြို့နယ် ဦးစီးဌာနမှူး ဦးသိန်းဝင်းဇော် က ရှင်းပြသည်။

ပျိုးပင်များ (အခမဲ့) ဖြန့်ဝေပေးနိုင်ရန် ရန်ကုန်-ပုသိမ်ကားလမ်းမ သီတာအေးပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်းနှစ်သောင်းကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက ပျိုးထောင်ထားရှိပြီး ပြည်သူလူထု စိုက်ပျိုးနိုင်ရန်အတွက် ၂၀၂၁ ခုနှစ် ဇွန်လနှင့် ဇူလိုင်လပိုင်းတို့တွင် စတင်ဖြန့်ဝေပေးနိုင်တော့မည်ဖြစ်ကြောင်းလည်း သိရသည်။

ယခုနှစ် မိုးရာသီကာလအတွင်း အများပြည်သူများအား ပျိုးပင်များ(အခမဲ့) ဖြန့်ဝေပေးနိုင်ရန် အတွက် ထန်းတပင်မြို့နယ် သီတာအေး ပျိုးဥယျာဉ်တွင် ကျွန်းပင်(၄ဝဝဝ)၊ ပျဉ်ကတိုးပင် (၃ဝဝဝ)၊ ပိတောက်ပင်(၃ဝဝဝ)၊ မဟောဂနီပင်(၂ဝဝဝ)၊ မန်ဂျန်ရှားပင်(၂ဝဝဝ)၊ ဝါးပင် (၁ဝဝဝ)၊ အော်ရီရှားပင် (၁ဝဝဝ)၊ ယူကလစ်ပင် (၁ဝဝဝ)၊ ပင်လယ်ကဗွီးပင်(၁ဝဝဝ)၊ ပျဉ်းမပင်(၁၀၀၀)၊ ကံ့ကော်ပင် (၅ဝဝ)၊ ငုရွှေဝါပင်(၅ဝဝ) စုစုပေါင်း ပျိုးပင်နှစ်သောင်းတို့ကို ပျိုးထောင်ထားရှိကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)