ကျောက်ဆည်မြို့၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

မန္တလေး ဧပြီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ဆူးကုန်းအုပ်စု၊ အရှေ့အေးမြသာစည် ရပ်ကွက်၌ ယနေ့နံနက် ၉ နာရီက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အပူဒဏ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့သည်။

အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဒေါ်ဇာဇာစိမ်းက အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေး တတ်နိုင်သမျှ အရိပ်ရ၍ အေးမြသောနေရာတွင် နေထိုင်ရန်၊ ခန္ဓာကိုယ်အား နေရောင်ခြည်နဲ့ တိုက်ရိုက်မထိ‌တွေ့စေရန်၊ အရောင်ဖျော့သည့် ချည်ထည်များကို ဝတ်ဆင်ရန်၊ မဖြစ်မနေအပြင်ထွက်ရပါက ထီး၊ ဦးထုပ်တို့ကို ဆောင်းရန်၊ ရေများများ သောက်ရန်နှင့် အပူဒဏ်ကြောင့် ဖြစ်တတ်သောရောဂါများအကြောင်းကို အသိပညာပေး ဟောပြောခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက နေပူထဲမှ ပြန်လာပြီး ချက်ချင်းရေချိုးခြင်းကို ရှောင်ကျဉ်ရန်၊ အရက်သေစာ သောက်သုံးခြင်းသည် အပူဒဏ်ကို ပိုမိုခံစားရသည့်အတွက် ရှောင်ကျဉ်ကြရန်စသည့် အပူဒဏ်ကာကွယ်ရေး အကြောင်းများ ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသည့် ပြည်သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဓာတ်ဆားထုပ်များနှင့် သက်ကြီးရွယ်အိုများအတွက် အားတိုးဆေးများ၊  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းယုသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များက အချိုရည်ဘူးများ ဝေငှခဲ့ကြောင်း သိရသည်။ 

သက်မောင်(ကျောက်ဆည်)