တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးသတ္တမနေ့ ကျင်းပ

အောင်မြေသာစံ ဧပြီ ၁၁

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (သတ္တမနေ့) ကို ဧပြီလ ၁၀ ရက် နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ တရားသူကြီးများနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ စုစုပေါင်း ၈၃ ဦး တက်ရောက်ကြသည်။

ရှေးဦးစွာ အောင်မြေသာစံမြို့နယ်၊ ကိုယ်စားလှယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးအောင်ကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ပြီးဖြစ်သဖြင့် လွှတ်တော်ဥက္ကဋ္ဌ၏ ရှေ့မှောက်၌ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုချက်တွင် လက်မှတ်ရေးထိုးသည်။

ထို့နောက် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် တရားသူကြီးများက လွှတ်တော်ဥက္ကဋ္ဌ၏ ရှေ့မှောက်၌ ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုချက်တွင် လက်မှတ်ရေးထိုးကြသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က လွှတ်တော်သို့ မိန့်ခွန်းပြောကြားပြီး အဆိုပါမိန့်ခွန်းကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးချင်းအလိုက် တာဝန်ယူရမည့် ဝန်ကြီးဌာနသတ်မှတ်ချက်များကို လွှတ်တော်သို့တင်ပြရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးနေလင်းစိုး၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဦးသိန်းဌေး၊ လူမှုရေးရာဝန်ကြီးအဖြစ် ဦးလှကြွယ်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးအဖြစ် ဦးကျော်မိုးသက်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးအဖြစ် ဦးလှမျိုး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးအဖြစ် ဒေါ်သိင်္ဂီအောင်၊ စည်ပင်သာယာရေးဝန်ကြီးအဖြစ် ဦးခင်မောင်အေး၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအဖြစ် ဦးစိုင်းအောင်ကြည်တို့အား တာဝန်ပေးအပ်ကြောင်း ကြေညာသည်။ ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားသည်။

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ရပ်နားခဲ့ပြီး တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)