စဉ့်ကိုင် ဧပြီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့တို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ရှည်အတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ရည်ရွယ်ကာ ရှေးဦးပြုစုနည်းသင်တန်းကို ဧပြီ ၁၀ ရက်နံနက် ၉ နာရီက ဖွင့်လှစ်သည်။
သင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းသည်။ ထို့နောက် မြို့နယ်ကြက်ခြေနီအသင်း တပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ဒေါ်သီတာက ကြက်ခြေနီအသင်းစတင်ပေါ်ပေါက်လာပုံနှင့် ကြက်ခြေနီအသင်းဖွဲ့စည်းရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းကာ သင်တန်းသူ ၁၇ ဦးအား စာတွေ့လက်တွေ့သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ဧပြီ ၁၀ ရက်မှ ဧပြီ ၁၂ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ၁၂ နာရီထိ သုံးရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)