ကျောက်ဆည်၌ သံပယိုသီး သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် တစ်သိန်းကျော်ရောင်းချရ 

ကျောက်ဆည် ဧပြီ ၁၀

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်မြို့နယ်တွင် သံပယိုသီး သုံးတင်းဝင်တစ်အိတ်လျှင်း ငွေကျပ် တစ်သိန်းကျော်အထိ ရောင်းချရကြောင်း သိရသည်။

သံပယိုသီးနှံ စိုက်ပျိုးခြင်းများနှင့်ပတ်သတ်၍ အစေ့ပျိုး၍စိုက်ပျိုးခြင်း၊ ကိုင်းကူးစိုက်ပျိုးခြင်းဟူ၍ အမျိုးမျိုးစိုက်ပျိုးနိုင်ကြောင်း အပင်အပြုအစုကောင်းပါက ရာသီမပြတ် အသီးများခူးဆွတ်နိုင်ကြောင်းနှင့် ဈေးကွက်အနေဖြင့် ပူပြင်းသည့်နွေရာသီတွင် အရောင်းတွင်ကျယ်ပြီး ဈေးကောင်းရသည့်အတွက် အသီး အထွက်နှုန်းကောင်းသည့် သံပယိုစိုက်ခင်း ပိုင်ရှင်များအနေဖြင့် ဝင်ငွေကောင်းပြီး အဆင်ပြေလျက်ရှိကြောင်း ကုန်ကျစရိတ်သက်သာပြီး မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးနိုင်သည့် နှစ်ရှည်သီးနှံဖြစ်သောကြောင့်  စိုက်ပျိုးသင့်သောသီးနှံတစ်မျိုးဖြစ်ကြောင်း သံပယိုခြံပိုင်ရှင်များထံမှ သိရသည်။

စိုက်ပျိုးရာတွင် တစ်ပင်နှင့်တစ်ပင်(၁၈)ပေအကွာ စိုက်ပျိုးပါက နေရောင်ခြည်နှင့် လေဝင်လေထွက် ကောင်းစွာရရှိသည့်အတွက် အပင်သန်မာပြီး အသီးအထွက်နှုန်းကောင်းမွန်ကြောင်း၊  ပျိုးပင်တစ်နှစ်သားအရွယ် သံပယိုပျိုးပင်များ စိုက်ပျိုးပါက သုံးနှစ်သားအရွယ်တွင် စတင်ခူးခွတ်ရကြောင်း၊ အပင်ငယ်သည့်အချိန်တွင် ပေါင်းမြက်ရှင်းလင်းခြင်းများ ဆောင်ရွက်ပေးရပြီး ရေကြိုက်နှစ်သက်သည့်အတွက် အစိုဓာတ်မပြတ်စေရေး ရေသွင်းပေးရကြောင်း လိုအပ်သည့်အချိန်တွင် မြေဩဇာ ကျွေးပေးခြင်း၊ ကိုင်းအခြောက်များရှင်းပေးခြင်းဖြင့် အပင်များကောင်းစွာဖြစ်ထွန်းပြီး အသီးသီးနှုန်းပိုမိုကောင်းမွန်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)