မြစ်သား ဧပြီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီ ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိရှိအသုံးချပြီး ရေဆေးပန်းချီရေးဆွဲတတ်စေရန်ရည်ရွယ်၍ ရေဆေးပန်းချီပြိုင်ပွဲကို ဧပြီ ၈ ရက် နံနက် ၉ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ကျင်းပသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာအောင်က ပြိုင်ပွဲကျင်းပ ရခြင်း၏ရည်ရွယ်ချက်များနှင့် ရေဆေးပန်းချီပြိုင်ပွဲကျင်းပခြင်းဖြင့် ကလေးငယ်များအနုပညာကို စိတ်ပါဝင်စားတတ်စေရန်၊ ပင်ကိုစိတ်ကူးစိတ်သန်းများ မြင့်မားလာစေရန်ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ ရေဆေးပန်းချီပြိုင်ပွဲဒိုင် ဦးဇော်ဇော်ဝင်းနှင့်ဦးဇော်သိန်းတို့က ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်သူများအား ပြိုင်ပွဲစည်းမျဥ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ရေဆေး ပန်းချီပြိုင်ပွဲအားဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ ၁၇ ဦးတို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့်ပြိုင်ပွဲဝင်များအား ရေဆေးပန်းချီ ရေးဆွဲနည်းသင်တန်းဆင်းပွဲ၌ ဆုများကိုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ဝါဝါမြင့်(မြစ်သား)