တွံတေး ဇန်နဝါရီ ၁၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါ ကင်းစင်ဖို့ ကာကွယ်ဆေးထိုးကြစို့ အစီအစဉ်ဖြင့် ခွေးရူးရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခြင်းကို ယမန်နေ့ နေ့လယ် ၂နာရီမှ စတင်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ခွေးရူးပြန်ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် မြို့နယ်ဦးစီးဌာနမှူး လက်ထောက် ညွန်ကြားရေးမှူး ဒေါက်တာဒေါ်နော်သိုးဖိုးဒါးနှင့် ဝန်ထမ်းများက ရပ်ကွက်နေအိမ်များတွင် မွေးမြူထားသော အိမ်မွေးခွေး အကောင်(၁၀၀)အား ခွေးရူးပြန် ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးဌာနမှူးထံမှ သိရသည်။
မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ၂၀၃၀ခုနှစ်အထိ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးကို စဉ်ဆက်မပြတ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
မျိုးလှိုင်(တွံတေး)