သထုံ ဧပြီ ၅
မွန်ပြည်နယ်၊ သထုံမြို့တွင် ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ခရိုင်အဆင့် ဗဟိုရေကစားမဏ္ဍပ်ကြီးအား ဆောက်လုပ်နေပြီး ရိုးရာသင်္ကြန်ယိမ်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ယိမ်းအဖွဲ့များ ကြိုတင်ပြင်ဆင်လေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သထုံမြို့၏ ဗဟိုရေကစားမဏ္ဍပ်ကို သထုံမြို့လယ် ရွှေစာရံစေတီတော်မြတ်ကြီး အနောက်ဘက်မုခ်အရှေ့ရှိ ရန်ကုန်-မော်လမြိုင်ကားလမ်းနံဘေး အဝေးပြေးယဉ်ရပ်နားကွင်းအတွင်း၌ တည်ဆောက်နေပြီး ပြိုင်ပွဲဝင်ယိမ်းအဖွဲ့ ၆ ဖွဲ့တို့က ယှဉ်ပြိုင်ကြမည်ဖြစ်ကာ နေ့စဉ်အဖွဲ့အစည်းအသီးသီးနှင့် ရပ်ကွက်တို့မှ ယိမ်းအဖွဲ့များ၊ အနုပညာရှင်များတို့၏ ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။
သထုံမြို့နယ်တွင် ယခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရေကစားမဏ္ဍပ်များ၊ ရိုးရာသင်္ကြန်ယိမ်းအကပြိုင်ပွဲများ၊ အနုပညာရှင်တို့၏ ဖျော်ဖြေရေးအစီအစဉ်များ၊ လမ်းလျှောက်သင်္ကြန်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲ စသည်တို့ဖြင့် ဧပြီ ၁၃ ရက်မှ ၁၇ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)