မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဆီကန်ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန် ဧပြီ ၁၀

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဆီကန်ကြီးကြပ်ရေး‌ကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၈ ရက် မွန်းလွဲပိုင်းက မင်းရဲကျော်စွာလမ်း၊ UMFCCI (၈)လွှာရှိ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ၊ ဆီကန်ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်မှ သင်္ကြန်မတိုင်ခင်တွင် ဆီသင်္ဘောများဖြင့် ဆက်တိုက်ဆီတင်သွင်းလာမှုများ၊ ရန်ကုန်တိုင်းအတွင်းရှိ ဆီကန်များတွင် ရောက်ရှိလာမည့်ဆီများကို သိုလှောင်ထားရှိမှုများ၊ ဆီသင်္ဘောများ ကြန့်ကြာမှုမရှိစေရေး၊ တင်သွင်းလာသော Importer များအနေဖြင့် Charges များ မပေးဆောင်ရရေး၊ သင်္ကြန်မတိုင်ခင် ပြည်သူဖြန့်ဆီများနှင့် စက်မှုကုန်ကြမ်းဆီများ အဆင်ပြေစွာဖြန့်ဝေရန် စီမံဆောင်ရွက်ထားမှုများ၊ ဆီကန်များဘက်မှလည်း ဆီထုတ်ယူသူများနှင့် လိုအပ်သလိုစီမံခန့်ခွဲစေရေး၊ သယ်ယူပို့ဆောင်ရေးတာဝန်ယူထားသည့် တော်ဝင်ဧကရာဇ်ကုမ္ပဏီမှလည်း သင်္ကြန်မတိုင်ခင် စားသုံးသူများထံသို့ ဆီရောက်ရှိအောင် ဆောင်ရွက်ပေးမည့်ကိစ္စတို့အား ရှင်းလင်းဆွေးနွေးမှာကြားသည်။

ထို့နောက် MITS မှ တာဝန်ရှိသူတစ်ဦးမှ ဆီများထားရှိမည့် သိုလှောင်ကန်များတွင် စနစ်တကျထည့်သွင်းလက်ခံမှုများရှိစေရေး၊ သင်္ကြန်ကာလတွင် ဆီကန်များ ပိတ်ထားသော်လည်း ဆီလက်ခံပေးနိုင်ရေးအတွက် ဝန်ထမ်းများ ကြိုတင်စီစဉ်ထားရေး၊ ဧပြီလထဲတွင် တင်သွင်းသော အရန်ဆီများကို ဆီကန်များတွင် စနစ်တကျ သေချာစွာထည့်သွင်းနိုင်ရေး၊ ဆီကန်များတွင် အပြည့်အဝထည့်နိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊ ဆီဖြန့်ချီရေးတွင်လည်း သင်္ကြန်တွင်း ဆီမပြတ်လတ်ရေးနှင့် သယ်ယူပို့ဆောင်ရေး အဆင်ပြေစေရေးကို ဆီအသင်းမှ ဦးဆောင်လုပ်နေပါကြောင်း ဆွေးနွေးပြီး ဆီကန်တာဝန်ခံများက ဆီများသိုလှောင်နှိုင်မှု လုပ်ငန်းတွေ့ရှိချက်များအား ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ၊ ဆီကန်ကြီးကြပ်ရေးအဖွဲ့​ခေါင်း​ဆောင်က သင်္ကြန်ပိတ်ရက်များတွင်လည်း ဆီကန်များ၏ ကြံ့ခိုင်မှု၊ သန့်ရှင်းသပ်ရပ်မှု၊ စနစ်တကျရှိမှုကို ဆောင်ရွက်ပေးစေရေး၊ မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိစေရေးတို့ကို ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

​အောင်မြင့် (ပြန်/ဆက်)