ချောင်းဆုံမြို့နယ်၌ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလ ဧည့်သည်ခေါ်ဘုရားပွဲတော်များကို အစဉ်အလာမပျက် ပြုလုပ်သွားမည်

ချောင်းဆုံ ဧပြီ ၁၀

မွန်ပြည်နယ် (ဘီလူးကျွန်း)၊ ချောင်းဆုံမြို့နယ်၌ ဧည့်သည်ခေါ်ဘုရားပွဲတော်များကို ရှေးနှစ်ပေါင်းများစွာကတည်းက နှစ်စဉ်ကျင်းပခဲ့ရာ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလတွင် ဧည့်သည်ခေါ်ဘုရားပွဲတော်များ၊ စတုဒိသာကျွေးမွေးခြင်းများနှင့်အတူ မြန်မာရိုးရာလမ်းလျှောက်သင်္ကြန်ပွဲတော်ကိုလည်း ယဉ်ကျေးမှုနှင့်အညီ အစဉ်အလာမပျက် ထည့်သွင်းပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီထံမှ သိရသည်။

မဟာသင်္ကြန်ကာလ၌ ဧည့်သည်ခေါ်ဘုရားပွဲတော်ရက်ကျရောက်သည့် ကျေးရွာများရှိ နေအိမ်အများစုတွင် ထမင်း၊ ဟင်း၊ အချိုရည်အအေးများဖြင့် မိတ်သစ်မိတ်ဟောင်းများကို ဧည့်ခံကျွေးမွေးခြင်းနှင့် စတုဒိသာမဏ္ဍပ်များဖြင့်လည်း ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း၊ ဧည့်သည်ခေါ်ဘုရားပွဲတော်ရက်များအနေဖြင့်သင်္ကြန်အကြိုနေ့တွင် မုရစ်ကြီးကျေးရွာဘုရားပွဲ၊ သင်္ကြန်အကျနေ့တွင် နတ်မှော်ကျေးရွာဘုရားပွဲ၊ သင်္ကြန်အကြတ်နေ့တွင် ရွှေမြင့်မိုရ်တောင်ဘုရားပွဲ၊ သင်္ကြန်အတက်နေ့တွင် ကရင့်ဝင်းစိန်ကျေးရွာ(တောင်ပေါ်ကြီး)ဘုရားပွဲနှင့် နှစ်ဆန်းတစ်ရက်နေ့တွင် (သက္ကော၊ ဘိုးနက်)ကျေးရွာ၊ ကျိုက်သုတ်ဘုရားပွဲတော်များကို အစဉ်အလာအတိုင်း နှစ်စဉ်ကျင်းပခဲ့ကြောင်း သိရသည်။

ကိုကျော် (ချောင်းဆုံ)