ညောင်ဦး ဧပြီ ၁၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းအတွင်း ကျင်းပမည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကာလအတွင်း အကြိုနေ့မှစတင်ကာ သရပါတံခါးအဝင်လမ်းမှ ဗူးဘုရားလမ်းထိပ်အထိ လမ်းလျှောက်သင်္ကြန်ကျင်းပပြုလုပ်မည်ဖြစ်ရာ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ ဖြတ်သန်းသွားလာမှု ယာယီပိတ်ထားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဦးညီမွန်းထံက သိရသည်။
လမ်းလျှောက်သင်္ကြန်ကာလအတွင်း ပုဂံမြို့ဟောင်း သရပါတံခါးမှဗူးဘုရားလမ်းထိပ်အ ထိ မော်တော်ယာဉ်၊မော်တော်ဆိုင်ကယ်များ၊မြင်းလှည်းများဖြတ်သန်းသွားလာမှု ပိတ်ထားမည်ဖြစ်ရာ ဗူးဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ မျက်တော်ပြေဘုရား၊ အတွင်းစည်းခုံဘုရားနှင့်အနုမြူကပ်ကျော်ဘုရားနှင့် မဟာဗောဓိဘုရားများဖူးသွားရောက်လိုပါက သရပါတံခါးမှ ပုဂံကျုံးလမ်းအတိုင်းပတ်၍လည်းကောင်း၊ အနော်ရထာနှစ်လမ်းသွားကားလမ်းမကြီးမှ သိရိပစ္စယာမီးပွိုင့်ဘက်မှလည်းသွားရောက်ဖူးမြော်နိုင်ကြောင်းသိရသည်။
လမ်း လျှောက်သင်္ကြန်တွင် နွားလှည်းများ၊ စတုဒိသာမဏ္ဍပ်၊ ရေကစားမဏ္ဍပ်၊ ဗဟိုမဏ္ဍပ်၊ အလှဓာတ်ပုံရိုက်ကူးနိုင်ရေးနေရာ၊သနပ်ခါးမဏ္ဍပ်တို့ဖြင့်ပါဝင်ဆင်နွှဲကြပြီး သံစုံတီးဝိုင်း(၆) ဝိုင်း၊ ယိမ်းအဖွဲ့(၈)ဖွဲ့တို့ဖြင့် ကပြဖျော်ဖြေပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဒီပါလင်း