တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ကျင်းပ

မန္တလေး  ဧပြီ ၇

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ကို ဧပြီ ၇ ရက် နံနက် ၁၁ နာရီတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၇၂) ဦးရှိသည့်အနက် (၇၁)ဦး တက်ရောက်သဖြင့် ၉၈ ဒသမ ၆၁ ရာခိုင်နှုန်း တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတက အဆိုပြုထားသော မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဒေါ်လှမြင့်အား ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် လွှတ်တော်သို့တင်ပြပြီး အမည်စာရင်းတင်သွင်းထားသည့် ပုဂ္ဂိုလ်နှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းပေးသွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုထားသော တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင် ဝန်ကြီးများအဖြစ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး နေလင်းစိုး၊ ဦးသိန်းဌေး (လက်ရှိစီးပွားရေးရာဝန်ကြီး)၊ ချမ်းမြသာစည်မြို့နယ် ကိုယ်စားလှယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှကြွယ်၊ တံတားဦးမြို့နယ် ကိုယ်စားလှယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မိုးသက်၊ ဦးလှမျိုး (မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဌာနမှူး-ငြိမ်း)၊ စဉ့်ကိုင်မြို့နယ် ကိုယ်စားလှယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သိင်္ဂီအောင်၊ ဦးခင်မောင်အေး (ဗိုလ်မှူးချုပ်-ငြိမ်း)၊ ရှမ်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ကြည်တို့အား ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် လွှတ်တော်သို့တင်ပြပြီး အမည်စာရင်းတင်သွင်းထားသည့် ပုဂ္ဂိုလ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းပေးသွင်းနိုင်ကြောင်း ကြေညာသည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုထားသော မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်အဖြစ် ဦးလှသိန်းနှင့် မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်အဖြစ် ဒေါ်ခင်ခင်သီတို့အား ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် လွှတ်တော်သို့တင်ပြပြီး အမည်စာရင်းတင်သွင်းထားသည့် ပုဂ္ဂိုလ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းပေးသွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုထားသော မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများအဖြစ် ဦးမြင့်ဆန်း၊ ဒေါ်ခင်စန်းမြင့်၊ ဒေါ်ကြည်ကြည်စိန်း၊ ဒေါ်ခင်သစ်ဆွေ၊ ဦးသန်းထွန်းအောင်၊ ဦးစောမျိုးမျိုးတို့အား ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် လွှတ်တော်သို့တင်ပြပြီး အမည်စာရင်းတင်သွင်းထားသည့် ပုဂ္ဂိုလ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းပေးသွင်းနိုင်ကြောင်း ကြေညာသည်။

အစည်းအဝေး ဒုတိယပိုင်းကို မွန်းလွဲ ၁ နာရီခွဲတွင် ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတက အဆိုပြုထားသော မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဒေါ်လှမြင့်၏ အမည်စာရင်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏သဘောတူညီချက်ကို ရယူသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုထားသော တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းဝင် ဝန်ကြီးများအဖြစ် ဗိုလ်မှူးကြီးနေလင်းစိုး၊ ဦးသိန်းဌေး၊ ဦးလှကြွယ်၊ ဦးကျော်မိုးသက်၊ ဦးလှမျိုး၊ ဒေါ်သိင်္ဂီအောင်၊ ဦးခင်မောင်အေး၊ ဦးစိုင်းအောင်ကြည်တို့၏ အမည်စာရင်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောတူညီချက်ကို ရယူသည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုထားသော မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်အဖြစ် ဦးလှသိန်းနှင့် မန္တလေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်အဖြစ်ဒေါ်ခင်ခင်သီတို့၏ အမည်စာရင်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏သဘောတူညီချက်ကို ရယူသည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုထားသော မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးများအဖြစ် ဦးမြင့်ဆန်း၊ ဒေါ်ခင်စန်းမြင့်၊ ဒေါ်ကြည်ကြည်စိန်း၊ ဒေါ်ခင်သစ်ဆွေ၊ ဦးသန်းထွန်းအောင်၊ ဦးစောမျိုးမျိုးတို့၏ အမည်စာရင်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောတူညီချက်ကို ရယူသည်။

မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး သတ္တမနေ့ကို ဧပြီလ ၁၀ ရက် နံနက် ၁၀ နာရီအချိန်တွင် ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)