ရန်ကုန်တိုင်းဒေသကြီး ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန် ဧပြီ ၇

ရန်ကုန်တိုင်းဒေသကြီး ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်ဖြင့် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ်တင်မင်းလတ်၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်ကျင်းပရေးဦးစီးကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်က အမှာစကားပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေးက လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူးနှင့် လုပ်ငန်းကော်မတီများဖြစ်ကြသည့် လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊ ရိုးရာယဉ်ကျေးမှုထိန်းသိမ်းရေးနှင့် ဆုချီးမြှင့်ရေးလုပ်ငန်းကော်မတီ၊ မဏ္ဍပ်များနေရာချထားရေးနှင့် ကြံ့ခိုင်မှု စစ်ဆေးရေးလုပ်ငန်းကော်မတီ၊ မဟာသင်္ကြန် သီချင်း၊ သံချပ်စိစစ်ကြပ်မတ်ရေးလုပ်ငန်းကော်မတီ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာရေးနှင့် ငွေစာရင်းထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊ လူမှုရေးနှင့်ဘာသာရေးဆိုင်ရာလုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေးလုပ်ငန်းကော်မတီနှင့် ဧည့်ခံကျေးမွေးရေးလုပ်ငန်းကော်မတီတို့က တာဝန်ရှိသူများက လုပ်ငန်းအခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဌာနဆိုင်ရာ မဏ္ဍပ်တာဝန်ခံများနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက ဆောင်ရွက်မည့်လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ၎င်းနောက် တက်ရောက်လာကြသူများက ဆောင်ရွက်မည့်လုပ်ငန်းများအား ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြပြီး ရန်ကုန်တိုင်းဒေသကြီး ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်ကျင်းပရေးဦးစီးကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကျင်းပမည့်နေရာများဖြစ်သည့် တိုက်ကြီးမြို့နယ်၊ ရန်ကုန် - ပြည်လမ်းမပေါ်တွင် မဏ္ဍပ်များတည်ဆောက်နေမှု၊ မှော်ဘီမြို့နယ်၊ မှော်ဘီမြို့မဈေးကြီးရှေ့တွင် မဏ္ဍပ်များတည်ဆောက်နေမှု၊ မရမ်းကုန်းမြို့နယ်၊ မြကျွန်းသာအပန်းဖြေဥယျာဉ်ရှေ့တွင် မဏ္ဍပ်များတည်ဆောက်နေမှု၊ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်းရှိ မြို့တော်ခန်းမရှေ့ မဟာသင်္ကြန်ဖျော်ဖြေရေး မဏ္ဍပ်၊ မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းအကြား မဟာဗန္ဓုလပန်းခြံလမ်းတွင် လမ်းလျှောက်သင်္ကြန် စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်ပတ်လမ်း၊ သိမ်ဖြူလမ်းထိပ်မှ ဦးအောင်မြတ်လမ်းထိပ်အထိ မဏ္ဍပ်များတည်ဆောက်နေမှုနှင့် ရေပိုက်လိုင်းသွယ်တန်းတပ်ဆင်ထားရှိမှုအခြေအနေများနှင့် ဒဂုံမြို့နယ်၊ ဦးဝိစာရအဝိုင်းမှ အလုံလမ်းတစ်လျှောက် ပြည်လမ်းနှင့်အလုံလမ်းထောင့်အထိ မဏ္ဍပ်(၁၀)ခုတို့တွင် မဏ္ဍပ်များ တည်ဆောက်နေမှုနှင့် ရေပိုက်လိုင်းသွယ်တန်းတပ်ဆင်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မဏ္ဍပ်များကြံ့ခိုင်ရေး လုံခြုံရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို အလေးထားဆောင်ရွက်ရန် စသည်တို့ကိုမှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)