ကွမ်းခြံကုန်း ဇန်နဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးလုံခြုံရေးနှင့် မီးဘေး အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် လိုက်လံနှိုးဆော် သတိပေးခြင်း၊ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြ ဆောင်ရွက် ခြင်းများ အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မနက်ပိုင်းက မြို့မရဲစခန်း၊ ဝန်ထမ်း အိမ်ရာသို့ သွားရောက်၍ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား အသိပညာပေးခြင်းနှင့် လက်တွေ့ မီးငြိမ်းသတ်မှု သရုပ်ပြ ဆောင်ရွက်ခဲ့သည်။
အသိပညာပေး ဆောင်ရွက်မှုတွင် မြို့နယ်မီးသတ်စခန်း တာဝန်ခံ ဦးမြတ်သူထိုက်က အခြေခံမီး သဘောတရားများ၊ မီးလောင်ခြင်း အမျိုးမျိုး၊ ကြိုတင်ကာကွယ်ရမည့်ပစ္စည်းများ ထားရှိမှု၊ လျှပ်စစ်မီး အသုံးပြုရာတွင် သတိထားဆင်ခြင်သင့်သော အချက်များကို ပြောကြားခဲ့သည်။ ဆက်လက်၍ မီးသတ် တပ်ဖွဲ့ဝင်(၆)ဦး၊ မီးငြိမ်းသတ်ယာဉ်တစ်စီးဖြင့် မီးအတန်းအစားအလိုက် မီးလောင်လျှင် ငြိမ်းသတ်နည်းများ၊ ဆီမီးလောင်ခြင်း၊ ဂတ်စ်မီးဖို မီးလောင်ခြင်းများအား ငြိမ်းသတ်နည်း၊ မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြိမ်းသတ် နည်းများကို လက်တွေ့ သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)