ကလောမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်

ကလော ဧပြီ ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့တွင် (၁၃၈၇) ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုများဖြင့် ယခုအချိန်၌ မဟာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီဝင်များက ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ကြိုတင်ပြင်ဆင်ဆောင်ရွက်ရာတွင် ပြည်သူများအေးချမ်းလွတ်လပ်ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေးအတွက် ကလောမြို့၏ လူစည်ကားရာနေရာတစ်ခုဖြစ်သည့် ကလောနာရီစင်အနီးတွင် လမ်းလျှောက်သင်္ကြန်ကျင်းပမည့် လျှောက်လမ်းများ တည်ဆောက်ခြင်း၊‌ ရေပိတ်များတပ်ဆင်ခြင်း၊ ရေကစားမဏ္ဍပ်တည်ဆောက်ခြင်း၊ ဌာနဆိုင်ရာယိမ်းအဖွဲ့၊ မြို့ပေါ်ရပ်ကွက် ယိမ်းအဖွဲ့များက အစမ်းလေ့ကျင့်ခြင်းတို့‌ ပြင်ဆင်ဆောင်ရွက်လျက်ရှိ‌‌ကြောင်း သိရသည်။

ကလောမြို့မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် မြန်မာ့သနပ်ခါးသင်္ကြန်၊ ယိမ်းအကအဖွဲ့ (၁၆) ဖွဲ့၊ တေးဂီတဖျော်ဖြေရေးကဏ္ဍများကို နေ့၊ ညတို့တွင် အလှည့်ကျဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း၊ သင်္ကြန်ကာလတစ်လျှောက် ဌာနဆိုင်ရာများမှ စတုဒီသာကျွေးမွေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်ဆန်း (၁) ရက်နေ့တွင် ကလောမြို့ပေါ်ရပ်ကွက်မှ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးအဘိုး၊ အဘွားများအား သက်ကြီးပူဇော်ပွဲ ပြုလုပ်သွားမည်ဖြစ် ကြောင်း သင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)