တာချီလိတ် ဧပြီ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က မကာဟိုခမ်းရပ်ကွက်ရှိ အောင်မြတ်ခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆန်းဦးက “နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး အားလုံးပူးပေါင်းပါဝင်ပေး” ခေါင်းစဥ်ဖြင့် လည်းကောင်း၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းနိုင်ဦးက “ရာသီဥတုပြောင်းလဲမှု တောမီးနှင့် မီးခိုးမြူငွေ့တားဆီးကာကွယ်ရေး” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက “မီးခိုးမြူငွေ့ကင်းစင်ဖို့ စိုက်နည်းစနစ်များပြောင်းကြစို” ခေါင်းစဥ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေးပြောကြားသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများက သိလိုသည်များကို မေးမြန်းကြရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားပြီး မြန်မာ၊ ရှမ်း၊ အာခါ၊ လားဟူ လေးဘာသာဖြင့် ရေးသားထုတ်ဝေသည့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)