ရန်ကုန် ဧပြီ ၉
ဝရဒါဌာ ဓာတုစေတိယစွယ်တော်မြတ်စေတီတော် (ရန်ကုန်)၌ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ (၇) ကြိမ်မြောက် လုံးတော်ပြည့်ရွှေစစ်သင်္ကန်းဆက်ကပ်လှူဒါန်းမှု အောင်မြင်စွာပြီးမြောက်ခြင်းအတွက် ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့် ရေစက်ချမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်ရှိ အဆိုပါစေတီတော်တွင်ကျင်းပရာ ဩဝါဒါစရိယ ဆရာတော် သံဃာတော်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဩဝါဒါစရိယဆရာတော် သံဃာတော်များက ဗုဒ္ဓါဘိသေက အနေကဇာတင်တော်မူကြသည်။ ထို့နောက် အခမ်းအနားအား “နုမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ဝရဒါဌာဓာတုစေတိယ စွယ်တော်မြတ်စေတီတော်(ရန်ကုန်) ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ ဒွိပိဋကဓရ၊ တိပိဋကာလင်္ကာရစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တ အဂ္ဂသာမိထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြသည်။
ယင်းနောက် ဩဝါဒါစရိယဆရာတော်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ကိုယ်စား အဖွဲ့ဝင် (စီမံရေးရာ) ဦးထွန်းရွှေက (၇)ကြိမ်မြောက် လုံတော်ပြည့်ရွှေစစ်သင်္ကန်း ကပ်လှူပြီးစီးမှုအခြေအနေအကျဉ်းချုပ်အား လျှောက်ထားတင်ပြသည်။ ဆက်လက်၍ ဩဝါဒါစရိယဆရာတော် သံဃာတော်များထံ တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဝရဒါဌာ ဓာတုစေတိယ စွယ်တော်မြတ်စေတီတော်(ရန်ကုန်) ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနာစရိယ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒက အနုမောဒနာတရားချီးမြှင့်၍ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး အခမ်းအနားအား “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အောင်မြင်စွာကျင်းပခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)