သထုံမြို့၊ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမပေါ်၌ အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

သထုံ ဧပြီ ၈

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပူပြင်းခြောက်သွေ့၍ နေ့အပူချိန်များမြင့်မားနေသည့်ကာလ၌ ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်သတိပြုကာကွယ်နိုင်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်‌ဝေလှုံ့ဆော်ခြင်းကို ယနေ့နံနက်ပိုင်းက သထုံမြို့၊ သုဝဏ္ဏဈေးအ‌ရှေ့၊ ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမပေါ်၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

လက်ကမ်းစာစောင်များ ဖြန့်ဝေအသိပညာပေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးစိုး၏ ဦးဆောင်မှုဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်တိုင်းရင်း‌ဆေးပညာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်‌ရေးအဖွဲ့နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းကာ ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမပေါ်၌ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ တက္ကစီယာဉ်များဖြင့် ခရီးသွားလာနေကြသည့်ပြည်သူများအား အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး၍ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါလက်ကမ်းစာစောင်တွင် အပူဒဏ်ကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ကြဉ်ရန်အချက်များ၊ သတိပြုရမည့်အပူဒဏ်အန္တရာယ်များ၊ အပူဒဏ်အန္တရာယ်အထူးသတိပြုရမည့်သူများ၊ အပူဒဏ်ကြောင့် သတိလစ်ခြင်းလက္ခဏာ ခံစားနေရသူအား အရေးပေါ်ရှေးဦးပြုစုခြင်းများ စသည်တို့ ပါဝင်သည်။

သထုံမြို့နယ်အတွင်း နေ့အပူချိန်များမြင့်မားနေသည့်ကာလတွင် အပူဒဏ်အန္တရာယ် ထိခိုက်ခံစားရသည့် လူနာအား အချိန်နှစ့်တစ်ပြေးညီ အရေးပေါ်ကုသနိုင်ရေးအတွက် သထုံခရိုင်ပြည်သူ့ဆေးရုံကြီး၌ စနစ်တကျပြင်ဆင်ထားရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ခရိုင်ပြန်/ဆက်