မိုးညှင်းမြို့၌ ဆီစက်လုပ်ငန်းရှင်များ ဖွံ့ဖြိုးရေးချေးငွေဖြင့်လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ခရိုင်/ မြို့နယ်တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

မိုးညှင်း ဧပြီ ၈

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် စားသုံဆီများဖူလုံမှုရှိစေရေးအတွက် ဆီစက်လုပ်ငန်းရှင်များ ဖွံ့ဖြိုးရေးချေးငွေဖြင့် လုပ်ငန်းများအကောင်းအထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက မိုးညှင်းမြို့ စိမ်းရတနာမွန်(တောင်ပိုင်း)ရပ်ကွက်ရှိ မြတ်သုခဆီစက် လုပ်ငန်းကို ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးလင်းနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်မှ ဆက်စပ်ဌာနများ ဖြစ်ကြသည့် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနနှင့် ဖွံ့ဖြိုးရေးချေးငွေထုတ်ချေးပေးထားသည့် မြန်မာ့စီးပွားရေးဘဏ်တို့မှ တာဝန်ရှိသူများက စိမ်းရတနာမွန်(တောင်ပိုင်း)ရပ်ကွက်ရှိ မြတ်သုခဆီစက်လုပ်ငန်းကို ကွင်းဆင်း စစ်ဆေးကြရာ လုပ်ငန်းရှင် ဦးချစ်ငွေက လုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် ဆီများသိုလှောင်ထားရှိမှု အခြေအနေများကို လိုက်လံရှင်းပြသခဲ့သည်။

ထို့နောက် ၎င်းကွင်းဆင်းစစ်ဆေးရေးအဖွဲ့က ဆီစက်လုပ်ငန်းရှင်အား ဇူလိုင်လတွင် ချေးငွေသက်တမ်းပြည့်ပြီဖြစ်သဖြင့် ဆက်လက်၍လုပ်ငန်းများ ပိုမိုတိုးချဲ့နိုင်ရန် ချေးငွေများအား ထပ်မံထုတ်ချေးပြီး ယခုထက်မက လုပ်ငန်းများ ပိုမိုအောင်မြင်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပေါင်းစပ်၍ လုပ်ထုံးလုပ်နည်းများနှင့်အတူ ထပ်မံဆောင်ရွက်စေလိုကြောင်း အကြံပြုဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း