မြန်မာ့နှစ်သစ်ကူးအကြို (တတိယအကြိမ်) စာချစာသင် သီလရှင်အပါး (၁၀၀) အား ရတနာပုံတက္ကသိုလ်၌ နေ့ဆွမ်းဆက်ကပ်ပွဲနှင့် သီလရှင်ဝတ်စုံလှူဒါန်းပွဲ ကျင်းပ

အမရပူရ ဧပြီ ၈

အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ် ဗုဒ္ဓဘာသာအသင်းကကြီးမှူး၍ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ အမှူးပြုသော ဒုတိယပါမောက္ခချုပ်များနှင့် သင်ကြား၊ စီမံပညာရေးမိသားစုများ စုပေါင်း၍ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေရှိ ချမ်းမြရံသီပရိယတ္တိသီလရှင်စာသင်တိုက်၌ သီတင်းသုံးတော်မူကြသည့် သာသနာ့အနွယ်ဝင် စာချစာသင်သီလရှင်အပါး (၁၀၀) အား မြန်မာ့နှစ်သစ်ကူးအကြို (တတိယအကြိမ်) နေ့ဆွမ်းဆက်ကပ်ပွဲနှင့် သီလရှင်ဝတ်စုံ လှူဒါန်းပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက် နံနက် ၉ နာရီခွဲက အဆိုပါတက္ကသိုလ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပထမပိုင်းအခမ်းအနားတွင် ပုသိမ်ကြီးမြို့နယ်၊ ချမ်းမြရံသီ ပရိယတ္တိသီလရှင်စာသင်တိုက် ပဓာနနာယကဆရာကြီး ဒေါ်ခေမာစာရီ (ပထမကျော်၊ အဂ္ဂမဟာအကျာ်၊ မဟာဂန္ထဝါစကပဏ္ဍိတ) အမှူးရှိသော သီလရှင်အပါး (၁၀၀) တို့အား ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဌာနများမှ ပါမောက္ခ (ဌာနမှူး) များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ စီမံရေးရာဌာနများမှ အရာထမ်း၊ အမှုထမ်းများနှင့် အလှူရှင်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဒုတိယပိုင်းအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်၍ အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တသုဇနာဘိဝံသကထံမှ ရှစ်ပါးသီလခံယူ ဆောက်တည်ကြပြီး သီလရှင်ဝတ်စုံနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် မဟာဂန္ဓာရုံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တသုဇနာဘိဝံသကမှ အနုမောဒနာတရားချီးမြှင့်ပြီး အလှူရှင်ဧည့်ပရိတ်သတ်များက ရေစက်သွန်းချ အမျှပေးဝေ၍ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။

စိုးသီဟ