မိတ္ထီလာ ဧပြီ ၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ခင်တဲကျေးရွာအုပ်စု၊ တောင်ဖီလာကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလည်ပတ်ရန်ပုံငွေ (၁၀) ကြိမ်မြောက် ထုတ်ချေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံက ကျေးရွာရှိ ရပ်မိ၊ရပ်ဖများ၊ မြစိမ်းရောင်အသင်းသား၊ အသင်းသူများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်းဆောင်ရွက်ရခြင်း၏ အကျိုးကျေးဇူးများလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်းတာဝန်ခံက အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး တောင်ဖီလာကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံသို့ စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ် ၄၆၀ သိန်းကို လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် စီမံကိန်းတာဝန်ခံနှင့် တာဝန်ရှိသူများက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ တောင်ဖီလာကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၃၀ ဦးကို ငွေကျပ် ၁၄၃ သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၆၁ ဦးကို ငွေကျပ် ၃၁၇ သိန်း စုစုပေါင်း အသင်းသား၊ အသင်းသူ ၉၁ ဦးကို ငွေကျပ် ၄၆၀ သိန်းထိ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်