မိုင်းငေါ့မြို့ မန်ကောင်းရပ်ကွက်တွင် မိသားစုတစ်နိုင်တစ်ပိုင် တံမြက်စည်းများ ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစုအဆင်ပြေ

မိုင်းငေါ့ ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ မန်ကောင်းရပ်ကွက်တွင် မိသားစု တစ်နိုင်တစ်ပိုင် တံမြက်စည်းများပြုလုပ်၍ ဈေးကွက် သို့ ပြန်လည် ဖြန့်ဖြူးရောင်းချ လျက်ရှိကြောင်း သိရသည်။

အဆိုပါတံမြက်စည်းပင်များသည် တောင်ပေါ်ဒေသအမြဲစိမ်းတောများတွင် နေရာကွက်ကြား အလေ့ကျပေါက်ရောက်တတ်ကာ ကြူပင်နှင့်အလား တူ‌သော အရွက်ရှည်မြစ်ပွားအပင်မျိုးဖြစ်၍ ဆောင်းရာသီကို ပိုမိုနှစ်သက်ပြီးအမြင့် ငါးပေမှ ခြောက်ပေ အထိရှိသော တံမြက်စည်းပင်ပွင့်ခိုင်များ ထွက်ရှိကြောင်း၊ ထိုပွင့်ခိုင်များကို သွားရောက်ရှာဖွေခုတ်ယူ ရောင်းချရာ တံမြက်စည်းပြုလုပ်သူများက တံမြက်စည်းအစို အမျှင်သေးအချောင်း တစ်ရာလျှင် (၁၃၀၀)ကျပ် ဖြင့် ဝယ်ယူကြောင်း သိရသည်။

တံမြက်စည်းပြုလုပ်သူများသည် ဝယ်ယူထားသော တံမြက်စည်းအပင်စိုများကိုကွင်းပြင်တွင် ဆယ်ရက်ကျော်ခန့် နေပူလှန်းပြီး ရရှိလာသော အခြောက်အား တံမြက်စည်းအချော ပြုလုပ်၍ တစ်ချောင်း လျှင် (၂၅၀၀) ကျပ်နှုန်း ဖြင့်ရောင်းချကာ ဖောက်သည်ဈေးကို တစ်ချောင်းလျှင် (၂၃၀၀) ကျပ်နှုန်းဖြင့် ဒေသအအတွင်းရှိ ကုန်သည်များထံသို့ ပြန်လည်ဖြန့်ဖြူးပေးကြောင်းနှင့် တစ်ရက်လျှင် တံမြက်စည်းချောအချောင်း (၂၀)ပြုလုပ်ပြီးစီးကြောင်းကို မန်ကောင်း ရပ်ကွက်တွင်းရှိ တံမြက်စည်းပြုလုပ်ရောင်းချသူ ဒေါ်လှ ၏ ပြောကြားချက်အရ သိရှိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)