ကော့မှူး ဧပြီ ၈
လက်ရှိကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေးပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့် သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်းတစ်လျှောက်တွင် အတားအဆီး အဟန့်အတားပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများကြောင့် စက်သုံးဆီ ခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ ဖြစ်သော မကျီးကန်ကျေးရွာအုပ်စုရှိ Apex နှင့် Max စက်သုံးဆီအရောင်းဆိုင်၊အဖျောက်ကျေးရွာအုပ်စုရှိ ရွှေသရဖူ စက်သုံးဆီအရောင်းဆိုင်များတွင် စီးပွားဖြစ် ဆီတန်းဝင်ဝယ်ယူ ရောင်းချမှုရှိမရှိကို တာဝန်ရှိသူများ လိုက်လံစစ်ဆေးနေကြောင်း သိရသည်။
ထိုသို့လိုက်လံစစ်ဆေးရာတွင် ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စက်သုံးဆီဆိုင်များအနေဖြင့် စက်သုံးဆီများ ရောက်ရှိ/ ဖြန့်ဖြူးမှုအား ညွှန်ကြားချက်များအတိုင်း စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ရေးနှင့် ဈေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းများမရှိစေရေး၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချစေရေး၊ ယာဥ်ကြောပိတ်ဆို့မှုမရှိစေရေး၊ သိုလှောင်ရန် ပေပါခွံများ/ ဆီထည့်ပုံးအလွတ်များဖြင့် လာရောက်ဝယ်ယူလာပါ က မရောင်းချရေးတို့ကို အသိပေးမှာကြားခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)