မိုင်းပန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ဆောက်လုပ်မည့် မြေနေရာတွင် ပန္နက်ချမြေသန့်မင်္ဂလာ အခမ်းအနားကျင်းပ

မိုင်းပန်     ဇန်နဝါရီ     ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ လွိုင်နွဲ့ကျေးရွာရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး မြေနေရာတွင် ယနေ့ နံနက် (၆) နာရီအချိန်က ပန္နက်ချ မြေသန့်မင်္ဂလာ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မိုင်းပန်မြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဦးဩဝါဒ (လွိုင်နွဲ့ကျောင်း)နှင့် ဆရာတော် သံဃာတော်အရှင်သူမြတ်များက အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော် မူခဲ့ပြီးနောက်  တာဝန်ရှိသူများက ရုံးမြေနေရာ အဆောက်အဦသစ် ဆောက်လုပ်ရန်အတွက် ပန္နက်ရိုက်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ လင်းခေးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ငွေ၊ မိုင်းပန်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အဆောက်အဦအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မိုင်းပန် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံး (၄၅'x ၆၆' RC ၁ထပ်) အဆောက်အဦအား ခွင့်ပြုငွေ (၇၁.၀၉၀) ကျပ်သန်းဖြင့် ကောင်းသွန်းကုမ္ပဏီမှတာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိုင်းပန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုင်းမြင့်နိုင်ထွန်းထံမှ သိရှိရသည်။

ဆန်းမြင့် (ပြန်/ဆက်)