မြစ်သားမြို့နယ်​ ပြည်သူ့စာကြည့်တိုက်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မြစ်သား ဧပြီ ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က ကျောင်းသား၊ ကျောင်းသူ‌များကို လေးအလုပ်သမားလျော့နည်းပပျောက်အောင် အကာအကွယ်ပေးရမည့် အကြောင်းအရာများ၊ ကလေးသူငယ်များ၏ အခွင့်အရေးများကို သိရှိနားလည်စေရန်၊ ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း အကျယ်တဝင့်ဟောပြောခဲ့သည်။

ဆက်လက်၍ ကဗျာရွတ်ပြိုင်ပွဲကျင်းပရာတွင် ဦးစီးအရာရှိ ဒေါ်သီတာအောင်က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ အကြောင်းရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူ ၁၅ ဦးက "သုံးဆယ့်ရှစ်ဖြာမင်္ဂလာကဗျာများ"ဖြင့် အသီးသီးယှဉ်ပြိုင်ခဲ့ကြရာ ဆုရရှိသူများကို တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။

ဝါဝါမြင့်