သံဖြူဇရပ် ဧပြီ ၈
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ ပြည်သူများ အပူဒဏ်အန္တရာယ်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့က သံဖြူဇရပ်မြို့ အမှတ်(၁)မြို့မစျေးကြီးနှင့် အမှတ်(၂)ဈေးတို့တွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသန့်ဇင်ကဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အမှတ်(၁)မြို့မစျေးကြီးနှင့် အမှတ်(၂) မြို့မစျေးအတွင်းရှိ စျေးရောင်းစျေးဝယ်သူများနှင့် စျေးရှေ့ရှိ ခရီးသွားပြည်သူများအား
အပူဒဏ်ကာကွယ်ရေးနှိုးဆော်ချက်တွင်ပါဝင်သည့် ဆောင်ရန်၊ရှောင်ရန်အချက်များနှင့် အပူဒဏ်ကြောင့်သတိလစ်ခြင်းများဖြစ်ပေါ်လာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ကြစေရေးကိုအသိပေးပြောကြားပြီး၊ အပူဒဏ်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။
အပူဒဏ်ကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်တွင် အပူဒဏ်အန္တရာယ်များ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များ၊ ကြိုတင်ကာကွယ်အပူဒဏ်အန္တရာယ်စသည့် အကြောင်းအရာများပါဝင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)