တောင်ကြီး ဧပြီ ၈
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (ပဉ္စမနေ့) ကို ဧပြီလ (၇) ရက်နေ့၊ နံနက် (၁၀) နာရီခွဲအချိန်က တောင်ကြီးမြို့၊ရှမ်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်က ပြည်နယ်လွှတ်တော်သို့ တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၉၉) ဦး၊ တပ်မတော်သားကိုယ်စားလှယ် (၃၃) ဦး၊ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်ဦးရေ (၁၃၂) ဦးရှိသည့်အနက် (၁၃၁) ဦး တက်ရောက်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၉၉.၂၄) ရာခိုင်နှုန်းရှိသည့်အတွက် ပြည်နယ်လွှတ်တော်အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာသည်။
ထို့နောက် အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကိုယ်စား လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီဥက္ကဋ္ဌ၊လားရှိုးမြို့နယ်ကိုယ်စားလှယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်အောင်ဆွေက ခွင့်ပန်ကြားသည်။
ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်ဝန်ကြီးဌာနအရေအတွက်၊ ပြည်နယ်ဝန်ကြီးဦးရေ သတ်မှတ်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၈ အရ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရာသူ၏ အဆိုပြုချက်နှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး၏ ဆွေးနွေးချက်အား ပြည်နယ်လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိမည်ဖြစ်ကြောင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူကြောင်း ကြေညာသည်။
၎င်းနောက် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှေက်ခြင်းခံရသူက အတည်ပြုထားသော ရှမ်းပြည်နယ်အတွက် ဝန်ကြီးဌာနများ၏ အမည်စာရင်းအားလွှတ်တော်သို့ တင်ပြခြင်းနှင့် မှတ်တမ်းခြင်း၊ ဝန်ကြီးဌာနများတွင် ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂ (က) နှင့် (ခ) တို့အရ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူရပ်စောက်မြို့နယ်ကိုယ်စားလှယ်အမှတ် (၂) ဦးစိုင်းထိန်စိုးက လွှတ်တော်သို့တင်ပြဖတ်ကြားခဲ့ သည်။
ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန် အမည်စာရင်းတင်သွင်းထားသည့် ပုဂ္ဂိုလ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက ဧပြီ(၇)ရက်နေ့၊အစည်းဝေးရပ်နားချိန်တွင် ရှမ်းပြည်နယ် လွှတ်တော် ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ထံအမည်စာရင်းပေးသွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူ ရပ်စောက်မြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဦးစိုင်းထိန်စိုးက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၆ အရ တင်ပြထားသော ပြည်နယ်ဥပဒေချုပ်အမည်စာရင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၇၁အရ တင်ပြထားသော ပြည်နယ်စာရင်းစစ်ချုပ်အမည်စာရင်းတို့အား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့ တင်ပြသည်။ ၎င်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်ဥပဒေချုပ်နှင့်ပြည်နယ်စာရင်းစစ်ချုပ် အဖြစ်ခန့်အပ်တာဝန်ပေးရန်အမည်စာရင်းတင်ပြခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ဧပြီ (၇) ရက်နေ့၊ အစည်းအဝေးရပ်နားသည့်အချိန်တွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရာသူက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၈ (ခ) (၁) အရ ပြည်ထောင်စုတရားသူကြီးချုပ်၊ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူနှင့် ညှိနှိုင်းပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ပေးပို့လာသည့်အမည်စာရင်းအား ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့ တင်ပြသည်။
ဆက်လက်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်တရားလွှတ်တော်တရားသူကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန် အမည်စာရင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ဧပြီ (၇) ရက် အစည်းအဝေးရပ်နားသည့်အချိန်တွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးသွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန် အမည်စာရင်းတင်သွင်းထားသည့် လူပုဂ္ဂိုလ် (၇) ဦးနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူကြောင်း ကြေညာသည်။
ထို့နောက် ဦးစိုင်းကျော်ဇံ (ပြည်နယ်ဥပဒေချုပ်) နှင့် ဒေါ်ခင်ထွေးရီ (ပြည်နယ်စာရင်းစစ်ချုပ်) အဖြစ် ခန့်အပ်တာဝန်ပေးရန် အမည်စာရင်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
၎င်းနောက် ဦးသန်းဦးလွင် (ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်) အဖြစ် ခန့်အပ်တာဝန်ပေးရန် အမည်စာရင်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
ဆက်လက်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများအဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် ဒေါ်စန္ဒအောင်၊ ဦးအောင်မော်နှင့် ဒေါ်သူဇာအောင်တို့ (၃) ဦး၏ အမည်စာရင်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူရာ လွှတ်တော်က သဘောတူကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
ယင်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းဝေး (ပဉ္စမနေ့) ရပ်နားကြောင်းနှင့် အစည်းအဝေး (ဆဋ္ဌမနေ့) ဆက်လက်ကျင်းပမည့် နေ့ရက်နှင့် အချိန်တို့ကို ကြေညာကြောင်း သိရှိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)